သံယုတ္တနိကာယ်—၁၂

၇—မဟာဝဂ်

၅—နဂရသုတ်

၆၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သစ္စာလေးပါးတရားကို မသိမီ သစ္စာ လေးပါးတရားကို မသိသော ဘုရားလောင်းသာလျှင် ဖြစ်သော ငါ့အား ဤအကြံသည် ဖြစ်၏— “ဤသတ္တ လောကသည် ဆင်းရဲခြင်းသို့ ရောက်စွတကား၊ ပဋိသန္ဓေနေလည်း နေရ၏၊ အိုလည်း အိုရ၏၊ သေလည်း သေရ၏၊ စုတေလည်း စုတေရ၏၊ တစ်ဖန် ပဋိသန္ဓေနေလည်း နေရ၏၊ ထိုသို့ ဖြစ်ပါလျက် အိုခြင်း, သေခြင်းဆင်းရဲခြင်း၏ ထွက်မြောက်ရာကို မသိ၊ အဘယ်အခါမှ အိုခြင်း,သေခြင်းဆင်းရဲခြင်း၏ ထွက်မြောက် ရာသည် ထင်ရှားပါလတ္တံ့နည်း”ဟု အကြံ ဖြစ်၏။ ရဟန်းတို့ ထိုငါ့အား “အဘယ်တရား ရှိသော် အိုခြင်း, သေခြင်း ဖြစ်သနည်း၊ အိုခြင်း,သေခြင်းသည် အဘယ်အကြောင်းခံကြောင့် ဖြစ်သနည်း”ဟု အကြံဖြစ်ပြန်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပဋိသန္ဓေနေမှု ‘ဇာတိ’ ရှိခဲ့သော် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏ — “အဘယ်တရား ရှိသော် ပဋိသန္ဓေနေမှု ဖြစ်သနည်း။ပ။ ဘဝသစ်ဖြစ်သနည်း။ ဥပါဒါန်ဖြစ်သနည်း။ တဏှာဖြစ်သနည်း။ ဝေဒနာဖြစ်သနည်း။ ဖဿဖြစ်သနည်း။ သဠာယတနဖြစ်သနည်း။ နာမ်ရုပ်ဖြစ်သနည်း။ အဘယ်အကြောင်းခံကြောင့် နာမ်ရုပ် သည် ဖြစ်သနည်း”ဟု အကြံ ဖြစ်ပြန်၏။ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း ကြောင့် “ဝိညာဏ်ရှိသော် နာမ်ရုပ် ဖြစ်၏၊ ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ်သည် ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။ ရဟန်းတို့ ထိုငါ့အား “အဘယ်တရား ရှိသော် ဝိညာဏ် ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်သနည်း”ဟု အကြံ ဖြစ်ပြန်၏၊ ရဟန်းတို့ ထို ငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “နာမ်ရုပ်ရှိသော် ဝိညာဏ် ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုငါ့အား ဤအကြံသည် ဖြစ်၏၊ ဤဝိညာဏ်သည် တစ်ဖန် နစ်ခဲ့၏၊ နာမ်ရုပ်မှ တစ် ပါးသို့ မရောက်၊ ဤမျှလောက်ဖြင့် ပဋိသန္ဓေလည်း နေရ၏၊ အိုလည်း အိုရ၏၊ သေလည်း သေရ၏၊ စုတေလည်း စုတေရ၏၊ တစ်ဖန် ပဋိသန္ဓေနေခြင်းလည်း ဖြစ်ရ၏၊ ယင်းနာမ်ရုပ် အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏၊ သဠာယတန အကြောင်းခံကြောင့် ဖဿ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ ရဟန်းတို့ ငါ့အား “ဖြစ်၏ ဖြစ်၏”ဟူ၍ ရှေးက မကြားဖူးသေးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ ပညာသည် ထင်ရှားဖြစ်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အရောင်အလင်းသည် ထင်ရှားဖြစ်၏။

ရဟန်းတို့ ထိုငါ့အား “အဘယ်တရား မရှိသော် ဇရာမရဏ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်သနည်း”ဟု အကြံ ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ဇာတိ မရှိသော် ဇရာမရဏ မဖြစ်၊ ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏသည် ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။ ရဟန်းတို့ ထိုငါ့အား “အဘယ်တရား မရှိသော် ဇာတိ မဖြစ်သနည်း။ပ။ ဘဝ မဖြစ်သနည်း။ ဥပါဒါန် မဖြစ်သနည်း။ တဏှာ မဖြစ်သနည်း။ ဝေဒနာ မဖြစ်သနည်း။ ဖဿ မဖြစ်သနည်း။ သဠာယတန မဖြစ်သနည်း။ နာမ်ရုပ် မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်သနည်း”ဟု အကြံ ဖြစ်ပြန်၏။ ရဟန်းတို့ ထိုငါ့အား သင့်လျော်သော အားဖြင့် နှလုံးသွင်းခြင်းကြောင့် “ဝိညာဏ် မရှိသော် နာမ်ရုပ် မဖြစ်၊ ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုငါ့အား “အဘယ်တရား မရှိသော် ဝိညာဏ် မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်း ကြောင့် ဝိညာဏ် ချုပ်သနည်း”ဟု အကြံ ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုငါ့အား သင့်လျော်သောအားဖြင့်နှလုံး သွင်းခြင်းကြောင့် “နာမ်ရုပ် မရှိသော် ဝိညာဏ် မဖြစ်၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုငါ့အား ဤအကြံသည် ဖြစ်၏၊ အကြင်နာမ်ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏၊ ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏၊ သဠာယတန ချုပ်ခြင်းကြောင့် ဖဿ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု သိခြင်းငှါ ဤမဂ်ကို ငါသည် ရအပ်ပြီ။ ရဟန်းတို့ ငါ့အား “ချုပ်၏ ချုပ်၏”ဟူ၍ ရှေးက မကြားဖူးကုန်သေးသော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ ပညာသည် ထင်ရှားဖြစ်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အရောင်အလင်းသည် ထင်ရှားဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား တောအုပ်ကြီး၌ လှည့်လည်သော ယောကျာ်းသည် ရှေးလူတို့ သွား အပ်ပြီးသော လမ်းခရီးဟောင်းကို တွေ့မြင်ရာ၏၊ ထိုယောကျာ်းသည် ထိုလမ်းခရီးဟောင်းသို့ အစဉ်လိုက်၍ သွားရာ၏၊ ထိုသို့ သွားသည်ရှိသော် ရှေးလူတို့ နေထိုင်ဖူးသော အရံ ဥယျာဉ် တော ရေကန်နှင့် ပြည့်စုံ သော တံတိုင်း ပြအိုးဖြင့် ခြံရံအပ်သော မွေ့လျော်ဖွယ်ကောင်းသော မင်းနေပြည်ဟောင်း ဖြစ်သော မြို့ ဟောင်းကို တွေ့မြင်ရာ၏၊ ရဟန်းတို့ ထိုအခါ၌ ထိုယောကျာ်းသည် မင်းအားလည်းကောင်း၊ မင်းအမတ် အားလည်းကောင်း ပြောကြားရာ၏ — “အရှင် တိုက်တွန်းပါ၏၊ သိမှတ်ပါလော့၊ အကျွန်ုပ်သည် တောအုပ် ကြီး၌ လှည့်လည်သည်ရှိသော် ရှေးလူတို့ သွားအပ်ပြီးသော လမ်းခရီးဟောင်းကို တွေ့မြင်ပါ၏၊ အကျွန်ုပ် သည် ထိုလမ်းခရီးဟောင်းသို့ အစဉ်လိုက်သွားပါ၏၊ ထိုသို့ လိုက်သွားသည်ရှိသော် ရှေးလူတို့ နေထိုင်ဖူး သော အရံ ဥယျာဉ် တော ရေကန်နှင့် ပြည့်စုံသော တံတိုင်း ပြအိုးဖြင့် ခြံရံအပ်သော မွေ့လျော်ဖွယ် ကောင်းသော မင်းနေပြည်ဟောင်း ဖြစ်သော မြို့ဟောင်းကို တွေ့မြင်ပါ၏၊ အရှင် ထိုမြို့ဟောင်းကို မြို့ (သစ်) ဖန်ဆင်းတော်မူပါလော့”ဟု (ပြောကြားရာ၏)။ ရဟန်းတို့ ထိုအခါ၌ မင်းသည်လည်းကောင်း၊ မင်းအမတ်သည်လည်းကောင်း ထိုမြို့ဟောင်းကို မြို့ (သစ်) ဖန်ဆင်းရာ၏၊ ထိုမင်း၏ မြို့သည် နောင်အခါ၌ စည်ပင်ဝပြော၏၊ များစွာကုန်သော လူတို့သည် သိအပ်၏၊ လူတို့ဖြင့် ပြွမ်း၏၊ ကြီးကျယ်ပြန့်ပြောခြင်းသို့ ရောက်၏၊ ရဟန်းတို့ ဤအတူသာလျှင် ငါဘုရားသည် ရှေးဘုရားတို့ ကြွသွားတော်မူအပ်ပြီးသော လမ်း ခရီးဟောင်းကို မြင်ရ၏။

ရဟန်းတို့ ရှေးဘုရားတို့ ကြွသွားတော်မူအပ်ပြီးသော လမ်းခရီးဟောင်းသည် အဘယ်နည်းဟူမူ—အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ် လမ်းခရီးပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော အမြင် သမ္မာဒိဋ္ဌိ။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တည်း။ ရဟန်းတို့ ဤသည်ကား ရှေးဘုရားတို့ ကြွသွားတော်မူအပ်ပြီးသော လမ်းခရီးဟောင်းပေတည်း။ ထိုလမ်းခရီးဟောင်းသို့ အစဉ်လိုက်သော ငါသည် အိုမှု သေမှုကို သိ၏၊ အိုမှု သေမှု၏ အကြောင်းကို သိ၏၊ အိုမှု သေမှု၏ ချုပ်ရာကို သိ၏၊ အိုမှု သေမှု၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ထိုလမ်းခရီးဟောင်းသို့ အစဉ်လိုက်သော ငါသည် ဇာတိကို သိ၏။ပ။ ဘဝကို သိ၏။ ဥပါဒါန်ကို သိ၏။ တဏှာကို သိ၏။ ဝေဒနာကို သိ၏။ ဖဿကို သိ၏။ သဠာယတနကို သိ၏။ နာမ်ရုပ်ကို သိ၏။ ဝိညာဏ်ကို သိ၏။ ထိုလမ်းခရီးဟောင်းသို့ အစဉ် လိုက်သော ငါသည် သင်္ခါရတို့ကို သိ၏၊ သင်္ခါရတို့၏ အကြောင်းကို သိ၏၊ သင်္ခါရတို့၏ ချုပ်ရာကို သိ၏၊ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ရဟန်းတို့ အကြင်မျှလောက် ထိုမဂ္ဂင် ရှစ်ပါးတည်းဟူသော အကျင့်မြတ်သည် စည်ပင်၏၊ ကျယ်လည်း ကျယ်ဝန်း၏၊ များစွာသော လူတို့သည်လည်း သိအပ်၏၊ နတ်လူတို့အား ကောင်းစွာ ပြအပ်၏၊ (ထိုမျှလောက်) မဂ္ဂင်ရှစ်ပါးတည်းဟူသော အကျင့် မြတ်ကို သိခြင်းငှါ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့အား ဟော ကြားခဲ့ပြီ။

ပဉ္စမသုတ်