သံယုတ္တနိကာယ်—၁၂

၇—မဟာဝဂ်

၁ဝ—သုသိမသုတ်

၇ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အရိုအသေပြုခံရ၏၊ အလေးပြုခံရ၏၊ အမြတ်နိုးခံရ၏၊ အပူဇော်ခံရ၏၊ အဆည်းကပ် ခံရ၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရ၏။ ရဟန်းသံဃာသည်လည်း အရိုအသေပြုခံရ၏၊ အလေးပြုခံရ၏၊ အမြတ်နိုးခံရ၏၊ အပူဇော်ခံရ၏၊ အဆည်းကပ်ခံရ၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံး အဆောင်တို့ကို ရ၏။ သာသနာတော်ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့သည်ကား အရိုအသေပြု မခံရကုန်၊ အလေးပြု မခံရကုန်၊ အမြတ်နိုး မခံရကုန်၊ အပူဇော် မခံရကုန်၊ အဆည်းကပ် မခံရကုန်၊ သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို မရကုန်။

ထိုအခါ သုသိမပရိဗိုဇ်သည် များစွာသော ပရိဗိုဇ်ပရိသတ်နှင့် အတူ ရာဇဂြိုဟ်ပြည်၌ နေ၏၊ ထိုအခါ သုသိမပရိဗိုဇ်၏ ပရိသတ်တို့သည် သုသိမပရိဗိုဇ်အား ဤစကားကို ဆိုကုန်၏၊ “ငါ့သျှင်သုသိမ သင် လာ ဦးလော့၊ ရဟန်းဂေါတမအထံ၌ မြတ်သောအကျင့်ကို ကျင့်ချေလော့၊ သင်သည် တရားကို သင်ခဲ့၍ ငါတို့ကို ပို့ချလော့၊ ငါတို့သည် ထိုတရားကို သင်ယူ၍ လူတို့အား ဟောကုန်အံ့၊ ဤသို့ ဟောပြောသည် ရှိသော် ငါတို့သည်လည်း အရိုအသေပြုခံရကုန်လိမ့်မည်၊ အလေးပြုခံရကုန်လိမ့်မည်၊ အမြတ်နိုးခံရကုန်လိမ့်မည်၊ အပူဇော်ခံရကုန်လိမ့်မည်၊ အဆည်းကပ်ခံရကုန်လိမ့်မည်၊ သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရကုန်လိမ့်မည်”ဟု ဆိုကြကုန်၏။ “ငါ့သျှင်တို့ ကောင်းပြီ”ဟု ဆို၍ သုသိမပရိဗိုဇ်သည် မိမိ၏ ပရိဗိုဇ်ပရိသတ်ကို ဝန်ခံပြီးလျှင် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် “ငါ့သျှင်အာနန္ဒာ အကျွန်ုပ်သည် ဤဓမ္မဝိနယ (သာသနာတော်) ၌ မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အလိုရှိပါ၏”ဟု ဆို၏။

ထိုအခါ အသျှင်အာနန္ဒာသည် သုသိမပရိဗိုဇ်ကို ခေါ်ယူကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤသုသိမပရိဗိုဇ်သည် ‘ငါ့သျှင်အာနန္ဒာ အကျွန်ုပ်သည် ဤဓမ္မဝိနယ (သာသနာတော်) ၌ မြတ်သော အကျင့် ကို ကျင့်ခြင်းငှါ အလိုရှိပါ၏’ဟု ဤသို့ ဆိုပါသည်”ဟု လျှောက်၏။ အာနန္ဒာ သို့ဖြစ်လျှင် သုသိမကို ရှင်ပြုပေးလော့ဟု မိန့်တော်မူ၏။ သုသိမပရိဗိုဇ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလေ၏၊ ရဟန်းအဖြစ်ကို ရလေ၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားအထံ၌ “ပဋိသန္ဓေ နေမှု ကုန်ပါပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပါပြီ၊ အရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိ တော့ပါပြီဟု သိကြပါ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားကုန်၏။ အသျှင်သုသိမသည် “များစွာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံ၌ ‘ပဋိသန္ဓေနေမှု ကုန်ပါပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပါပြီ၊ အရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပါပြီဟု သိကြပါ၏’ဟူ၍ အရဟတ္တဖိုလ်ကို ကြားလျှောက်ကုန်သတဲ့”ဟု ကြားလေ၏။ ထိုအခါ အသျှင်သုသိမသည် ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးကာ ထိုရဟန်းတို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ထိုရဟန်းတို့အား “အသျှင်တို့သည် မြတ်စွာဘုရားအထံ၌ ‘ပဋိသန္ဓေနေမှု ကုန်ပါပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပါပြီ၊ အရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပါပြီဟု သိကြပါ၏’ဟူ၍ အရဟတ္တ့ဖိုလ်ကို ကြားလျှောက်ကုန်၏ဟူသည် မှန်ပါသလော”ဟု ဆို၏၊ ငါ့သျှင် မှန်ပါ၏ဟု ဆိုကုန်၏။

အသျှင်တို့ ဤသို့ သိကုန် ဤသို့ မြင်ကုန်သော သင်တို့သည် များသော အပြားရှိသော တန်ခိုး ဖန်ဆင်းခြင်းကို ခံစားကုန်သလော — တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်ကုန်သလော၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်ကုန်သလော၊ ကိုယ်ထင်ရှားဖြစ်စေကာ ကိုယ်ပျောက်စေကာ နံရံ တစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ‘ကောင်းကင်၌ကဲ့သို့’ သွားကုန်သလော၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ‘ရေ၌ကဲ့သို့’ ပြုကုန်သလော၊ ရေ၌လည်း မကွဲစေဘဲ ‘မြေ၌ကဲ့သို့’ သွားကုန် သလော၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် ‘အတောင်ရှိသော ငှက်ကဲ့သို့’ သွားကုန်သလော၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ် ကုန်သလော၊ ဆုပ်ကိုင်နိုင်ကုန်သလော၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင် ကုန်သလောဟု လျှောက်၏။ ငါ့သျှင် မဖြစ်နိုင်ပါဟု ဆိုကုန်၏။

အသျှင်တို့ ဤသို့ သိကုန် ဤသို့ မြင်ကုန်သော သင်တို့သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့် တူသော နား ‘ဒိဗ္ဗသောတ’ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်ကုန်သလောဟု မေးလျှောက်ပြန်၏။ ငါ့သျှင် ဤသို့ မကြားနိုင်ပါ။

အသျှင်တို့ ဤသို့ သိကုန် ဤသို့ မြင်ကုန်သော သင်တို့သည် သူတစ်ပါးတို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိကုန်သလော — စွဲမက်ခြင်း ‘ရာဂ’နှင့် တကွသော စိတ်ကိုလည်း “စွဲမက်ခြင်း ‘ရာဂ’နှင့် တကွသောစိတ်”ဟု သိကုန်သလော၊ စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း “စွဲမက်ခြင်း ‘ရာဂ’ ကင်း သောစိတ်”ဟု သိကုန်သလော။ အမျက်ထွက်ခြင်း ‘ဒေါသ’နှင့် တကွသော စိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’နှင့် တကွသောစိတ်”ဟု သိကုန်သလော၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသောစိတ်”ဟု သိကုန်သလော။ တွေဝေခြင်း ‘မောဟ’နှင့် တကွသော စိတ် ကိုလည်း “တွေဝေခြင်း ‘မောဟ’နှင့် တကွသောစိတ်”ဟု သိကုန်သလော၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း “တွေဝေခြင်း ‘မောဟ’ ကင်းသောစိတ်”ဟု သိကုန်သလော။ ကျုံ့သော စိတ်ကိုလည်း “ကျုံ့ သောစိတ်”ဟု သိကုန်သလော၊ ပျံ့လွင့်သော စိတ်ကိုလည်း “ပျံ့လွင့်သောစိတ်”ဟု သိကုန်သလော။ မြတ် သည်၏ အဖြစ်သို့ ရောက်သော စိတ်ကိုလည်း “မြတ်သည်၏ အဖြစ်သို့ ရောက်သောစိတ်”ဟု သိကုန် သလော၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော စိတ်ကိုလည်း “မြတ်သည်၏ အဖြစ်သို့ မရောက်သော စိတ်”ဟု သိကုန်သလော။ သာလွန်သော တရားရှိသော စိတ်ကိုလည်း “သာလွန်သော တရားရှိသော စိတ်”ဟု သိကုန်သလော၊ သာလွန်သောတရား မရှိသောစိတ်ကိုလည်း “သာလွန်သောတရား မရှိသော စိတ်”ဟု သိကုန်သလော။ တည်ကြည်သော စိတ်ကိုလည်း “တည်ကြည်သောစိတ်”ဟု သိကုန်သလော၊ မတည်ကြည်သော စိတ်ကိုလည်း “မတည်ကြည်သောစိတ်”ဟု သိကုန်သလော။ လွတ်မြောက်သော စိတ်ကိုလည်း “လွတ်မြောက်သောစိတ်”ဟု သိကုန်သလော၊ မလွတ်မြောက်သော စိတ်ကိုလည်း “မလွတ်မြောက် သောစိတ်”ဟု သိကုန်သလောဟု မေးလျှောက်ပြန်၏။ ငါ့သျှင် ဤသို့ မသိပါ။

အသျှင်တို့ ဤသို့ သိကုန် ဤသို့ မြင်ကုန်သော သင်တို့သည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်ကုန်သလော — ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ကို့လည်းကောင်း၊ များပြားသော ဖြစ်ကပ်ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ ငါသည် ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့ အသက်အပိုင်းအခြား ရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ဤသို့ သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခြင်း ဤသို့ အသက်အပိုင်းအခြား ရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသောဘဝကို အောက်မေ့နိုင်ကုန်သလောဟု မေးလျှောက်ပြန်၏။ ငါ့သျှင် ဤသို့ မအောက်မေ့နိုင်ပါ။

အသျှင်တို့ ဤသို့ သိကုန် ဤသို့ မြင်ကုန်သော သင်တို့သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ၊ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်ကုန်သလော၊ ကံအားလျော်စွာ ဖြစ်ပေါ်သောသတ္တဝါတို့ကို သိကုန်သလော— “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့်ပြုသော မကောင်းသောအကျင့် ‘မနောဒုစရိုက်’တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုကျင့်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးကျရောက်ရာ ငရဲ သို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘ကာယ သုစရိုက်’၊ နှုတ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘မနောသုစရိုက်’တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုကျင့်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏”ဟု သိကုန်သလော။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ် သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်ကုန်သလော၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိကုန်သလောဟု မေးလျှောက်ပြန်၏။ ငါ့သျှင် ဤသို့ မသိပါ။

အသျှင်တို့ ဤသို့ သိကုန် ဤသို့ မြင်ကုန်သော သင်တို့သည် ရူပဈာန်တို့ကို လွန်၍ ငြိမ်သက်သော အရူပဝိမောက္ခဈာန်တို့ကို နာမကာယဖြင့် တွေ့ထိ၍ နေကုန်သလောဟု မေးလျှောက်ပြန်၏။ ငါ့သျှင် ဤသို့ မနေပါကုန်။ အသျှင်တို့ ဤအရာ၌ ဤအဖြေသည်ကား ဤတရားတို့သို့လည်း မရောက်ချေ၊ အသျှင်တို့ မသင့်ဟူသော ဤအဖြေသည် အသို့နည်း။ ငါ့သျှင်သုသိမ ငါတို့သည် ပညာဖြင့် လွန်မြောက် ကုန်သော ‘ပညာဝိမုတ္တ’ပုဂ္ဂိုလ်တို့တည်းဟု ဆိုကုန်၏။

အကျွန်ုပ်သည် အသျှင်တို့၏ အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ် အားဖြင့် မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်တို့သည် အကျဉ်းအားဖြင့် ဟောအပ်သော စကား၏ အနက်ကို အကျယ်အားဖြင့် သိနိုင်ရာသော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဆိုပါကုန်လော့ဟု (လျှောက်ပြန်၏)။ ငါ့သျှင်သုသိမ သင်သည် သိသည်မူလည်းဖြစ်စေ၊ မသိသည်မူလည်းဖြစ်စေ၊ စင်စစ်သော်ကား ငါတို့သည် ပညာဖြင့် လွတ်မြောက်ကုန်သော ‘ပညာဝိမုတ္တ’ပုဂ္ဂိုလ်တို့တည်းဟု (ဆိုကုန်၏)။

ထိုအခါ အသျှင်သုသိမသည် နေရာမှ ထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ထိုရဟန်းတို့နှင့် အတူ ပြောခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်၏။ သုသိမ တရား၌ တည်သော ဝိပဿနာဉာဏ်သည် ရှေးဦး ဖြစ်၏၊ နိဗ္ဗာန်ကို မြင်သော မဂ်ဉာဏ်သည် နောက်မှ ဖြစ်၏ဟု မိန့်တော်မှု၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် သိနိုင်ရာသော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူ ပါလော့ဟု (လျှောက်၏)။ သုသိမ သင်သည် သိသည်မူလည်းဖြစ်စေ၊ မသိ သည်မူလည်းဖြစ်စေ စင်စစ်သော်ကား တရား၌ တည်သော (ဝိပဿနာ) ဉာဏ်သည် ရှေးဦး ဖြစ်၏၊ နိဗ္ဗာန် ကို မြင်သော မဂ်ဉာဏ်သည် နောက်မှ ဖြစ်၏။

သုသိမ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ အသျှင် ဘုရား မမြဲပါ။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲ ဖြစ်ပါ၏။ မမြဲ သော ဆင်းရဲသော ဖောက်ပြန်သော သဘောရှိသော ရုပ်ကို “ဤရုပ်သည် ငါ၏ ဥစ္စာတည်း၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လော။ အသျှင်ဘုရား (ဤသို့ ရှုခြင်းငှါ) မသင့်ပါ။ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲ ဖြစ်ပါ၏။ မမြဲသော ဆင်းရဲသော ဖောက်ပြန်သော သဘောရှိသော ဝေဒနာကို “ဤဝေဒနာသည် ငါ၏ ဥစ္စာတည်း၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာ သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လော။ အသျှင်ဘုရား မသင့်ပါ။ သညာသည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ပ။ သင်္ခါရတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ အသျှင်ဘုရား မမြဲပါကုန်။ မမြဲသော သင်္ခါရသည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲဖြစ်ပါ၏။ မမြဲသော ဆင်းရဲသော ဖောက်ပြန်သော သဘောရှိသော သင်္ခါရတို့ကို “ဤသင်္ခါရတို့သည် ငါ၏ ဥစ္စာတည်း၊ ဤ သင်္ခါရတို့သည် ငါ ဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ ကိုယ်တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လော။ အသျှင် ဘုရား မသင့်ပါ။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ မမြဲသော ဝိညာဏ် သည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲ ဖြစ်ပါ၏။ မမြဲသော ဆင်းရဲသော ဖောက်ပြန် သော သဘောရှိသော ဝိညာဏ်ကို “ဤဝိညာဏ်သည် ငါ၏ ဥစ္စာတည်း၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤ ဝိညာဏ်သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လော။ အသျှင်ဘုရား မသင့်ပါ။

သုသိမ ထို့ကြောင့် ဤသာသနာတော်၌ လွန်ပြီး ‘အတိတ်’ နောင် ‘အနာဂတ်’ ယခု ‘ပစ္စုပ္ပန်’ဖြစ်သော၊ အတွင်း ‘အဇ္ဈတ္တ’ အပ ‘ဗဟိဒ္ဓ’၌လည်းဖြစ်သော၊ ကြမ်းတမ်းသည်လည်းဖြစ် နူးညံ့သည်လည်းဖြစ်သော၊ ယုတ်သည်လည်းဖြစ် မြတ်သည်လည်းဖြစ်သော၊ ဝေးသည်လည်းဖြစ် နီးသည်လည်းဖြစ်သော ရုပ်အားလုံး ကို “ဤရုပ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုအပ်၏။ လွန်ပြီး ‘အတိတ်’ နောင် ‘အနာဂတ်’ ယခု ‘ပစ္စုပ္ပန်ဖြစ်သော၊ အတွင်း ‘အဇ္ဈတ္တ’ အပ ‘ဗဟိဒ္ဓ’၌လည်းဖြစ်သော၊ ကြမ်းတမ်းသည်လည်းဖြစ် နူးညံ့ သည်လည်းဖြစ်သော၊ ယုတ်သည်လည်းဖြစ် မြတ်သည်လည်းဖြစ်သော၊ ဝေးသည်လည်းဖြစ် နီးသည်လည်း ဖြစ်သော ဝေဒနာအားလုံးကို “ဤဝေဒနာသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤဝေဒနာသည် ငါ မဟုတ်၊ ဤ ဝေဒနာသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုအပ်၏။ သညာသည်။ပ။ လွန်ပြီး ‘အတိတ်’ နောင် ‘အနာဂတ်’ ယခု ‘ပစ္စုပ္ပန်’ဖြစ်သော၊ အတွင်း ‘အဇ္ဈတ္တ’ အပ ‘ဗဟိဒ္ဓ’၌လည်းဖြစ်သော၊ ကြမ်းတမ်းသည်လည်းဖြစ် နူးညံ့သည်လည်းဖြစ်သော၊့ယုတ်သည်လည်းဖြစ် မြတ်သည်လည်းဖြစ်သော၊ ဝေးသည်လည်းဖြစ် နီးသည်လည်းဖြစ်သော သင်္ခါရအားလုံးတို့ကို “ဤသင်္ခါရတို့သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤသင်္ခါရတို့သည် ငါ မဟုတ်၊ ဤသင်္ခါရတို့သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုအပ်၏။ လွန်ပြီး ‘အတိတ်’ နောင် ‘အနာဂတ်’ ယခု ‘ပစ္စုပ္ပန်’ ဖြစ်သော၊ အတွင်း ‘အဇ္ဈတ္တ’ အပ ‘ဗဟိဒ္ဓ’၌လည်းဖြစ်သော၊ ကြမ်းတမ်းသည်လည်းဖြစ် နူးညံ့သည်လည်းဖြစ် သော၊ ယုတ်သည်လည်းဖြစ် မြတ်သည်လည်းဖြစ်သော၊ ဝေးသည်လည်းဖြစ် နီးသည်လည်းဖြစ်သော ဝိညာဏ်အားလုံးကို “ဤဝိညာဏ်သည် ငါ၏ ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ် သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် ရှုအပ်၏။

သုသိမ ဤသို့ ရှုသည်ရှိသော် အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်မက်ခြင်း ကင်း၏၊ တပ်မက်ခြင်း ကင်းခြင်းကြောင့် လွတ် မြောက်၏၊ လွတ်မြောက်ရာ၌ “လွတ်မြောက်ပြီ”ဟု သိသော ဉာဏ်သည် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တဖိုလ်အကျိုးငှါ တစ်ဖန် ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏။

သုသိမ “ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏”ဟု ရှုလော့။ အသျှင်ဘုရား ကောင်းပါပြီ။ သုသိမ “ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏”ဟု ရှုလော့။ အသျှင်ဘုရား ကောင်းပါပြီ။ သုသိမ “ဥပါဒါန် အကြောင်း ခံကြောင့် ဘဝ ဖြစ်၏”ဟု ရှုလော့။ အသျှင်ဘုရား ကောင်းပါပြီ။ သုသိမ “တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏”ဟု ရှုလော့။ အသျှင်ဘုရား ကောင်းပါပြီ။ “ဝေဒနာ အကြောင်းခံ ကြောင့် တဏှာ ဖြစ်၏”ဟု။ “ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏”ဟု။ “သဠာယတန အကြောင်းခံ ကြောင့် ဖဿ ဖြစ်၏”ဟု။ “နာမ်ရုပ် အကြောင်းခံကြောင့် သဠာယတန ဖြစ်၏”ဟု။ “ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏”ဟု။ “သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏”ဟု။ သုသိမ “အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏”ဟု ရှုလော့။ အသျှင်ဘုရား ကောင်းပါပြီ။

သုသိမ “ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏”ဟု ရှုလော့၊ အသျှင်ဘုရား ကောင်းပါပြီ။ သုသိမ “ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏”ဟု ရှုလော့၊ အသျှင်ဘုရား ကောင်းပါပြီ။ “ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏”ဟု။ “တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏”ဟု။ “ဝေဒနာ ချုပ်ခြင်းကြောင့် တဏှာ ချုပ်၏”ဟု။ “ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာ ချုပ်၏”ဟု။ “သဠာယတန ချုပ်ခြင်းကြောင့် ဖဿ ချုပ်၏”ဟု။ “နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏”ဟု။ “ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏”ဟု။ “သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏”ဟု။ သုသိမ “အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏”ဟု ရှုလော့၊ အသျှင်ဘုရား ကောင်းပါပြီ။

သုသိမ သင်သည် ဤသို့ သိသည် ဤသို့ မြင်သည်ရှိသော် များစွာသော တန်ခိုးဖန်ဆင်းခြင်းကို ခံစားသလော၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်စေနိုင်သလော၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်စေနိုင်သလော၊ ကိုယ်ထင်ရှားဖြစ်စေကာ ကိုယ်ပျောက်စေကာ နံရံတစ်ဖက် တံတိုင်း တစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ‘ကောင်းကင်၌ကဲ့သို့’ သွားလာနိုင်သလော၊ ‘ရေ၌ကဲ့သို့’ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ပြုနိုင်သလော၊ ရေ၌လည်း မကွဲစေဘဲ ‘မြေ၌ကဲ့သို့’ သွားနိုင်သလော၊ ကောင်း ကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် ‘အတောင်ရှိသော ငှက်ကဲ့သို့’ သွားလာနိုင်သလော၊ ဤသို့ တန်ခိုး ကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ်နိုင်သလော၊ ဆုပ်ကိုင်နိုင်သလော၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း့ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သလောဟု မေး တော်မူ၏။ အသျှင်ဘုရား မဖြစ်စေနိုင်ပါ။

သုသိမ သင်သည် ဤသို့ သိသည် ဤသို့ မြင်သည်ရှိသော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့် တူသော ‘ဒိဗ္ဗသောတ’ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော၊ ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြား နိုင်သလော။ အသျှင်ဘုရား မကြားနိုင်ပါ။

သုသိမ သင်သည် ဤသို့ သိသည် ဤသို့ မြင်သည်ရှိသော် တစ်ပါးသောသတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်သလော၊ စွဲမက်ခြင်း ‘ရာဂ’နှင့် တကွဖြစ်သော စိတ်ကိုလည်း “စွဲမက်ခြင်း ‘ရာဂ’နှင့် တကွဖြစ်သောစိတ်”ဟု သိနိုင်သလော။ပ။ လွတ်မြောက်သောစိတ်ကိုလည်း “(ကိလေသာမှ) လွတ်မြောက်သောစိတ်”ဟု သိနိုင်သလော။ အသျှင်ဘုရား မသိနိုင်ပါ။

သုသိမ သင်သည် ဤသို့ သိသည် ဤသို့ မြင်သည်ရှိသော် များပြားစွာသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သလော၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကို။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်သလော။ အသျှင်ဘုရား မအောက်မေ့နိုင်ပါ။

သုသိမ သင်သည် ဤသို့ သိသည် ဤသို့ မြင်သည်ရှိသော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် သေဆဲသတ္တဝါတို့ကို။ပ။ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိနိုင်သလော။ အသျှင်ဘုရား မသိနိုင်ပါ။

သုသိမ သင်သည် ဤသို့ သိသည် ဤသို့ မြင်သည်ရှိသော် ရူပဈာန်တို့ကို လွန်၍ ငြိမ်သက်သော အရူပဝိမောက္ခဈာန်တို့ကို နာမကာယဖြင့် တွေ့ထိ၍ နေနိုင်သလော။ အသျှင်ဘုရား မနေနိုင်ပါ။

သုသိမ ယခု ဤအရာ၌ ဤအဖြေသည်ကား ဤတရားတို့သို့လည်း မရောက်ချေ၊ ဤအဖြေသည် အသို့နည်းဟု မေးတော်မူ၏။

ထိုအခါ၌ အသျှင်သုသိမသည် မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခိုက်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အကျွန်ုပ်ကို အပြစ်သည် လွှမ်းမိုးခဲ့ပါ၏၊ ထိုအကျွန်ုပ်သည် ဤသို့ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ တရားကို ခိုးလို၍ ရဟန်းပြုခဲ့ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ထို အကျွန်ုပ်၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ၌ စောင့်စည်းခြင်းငှါ သည်းခံတော်မူပါလော့”ဟု လျှောက်၏။

သုသိမ စင်စစ်သော်ကား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် လွှမ်းမိုးနေ၏၊ အကြင်သင်သည် ဤသို့ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ တရားကို ခိုးလို၍ ရဟန်းပြု၏။ သုသိမ ဥပမာသော်ကား ယုတ်မာသော အကျင့်ရှိသော ခိုးသူကို ဖမ်း၍ “မင်းမြတ် ဤသူသည် ယုတ်မာသော အကျင့်ရှိသော ခိုးသူပါတည်း၊ ဤခိုးသူအား မင်းမြတ် အလိုရှိသော အပြစ်ဒဏ်ကို စီရင်ပါလော့”ဟု မင်းအား ပြကုန်ရာ၏၊ ထိုမင်းချင်းတို့ကို မင်းသည် “အချင်းတို့ သွားကုန်လော့၊ ဤယောကျာ်းကို ခိုင်သော ကြိုးဖြင့် လက်ပြန် မြဲစွာ ချည်တုပ်၍ သင်တုန်းဖြင့် ခေါင်းတုံး ရိတ်ပြီးလျှင် ကြမ်းတမ်းသော အသံရှိသော ထက်စည် တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆွဲဆောင်၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်အရပ်၌ ဦးခေါင်းကို ဖြတ်ကုန်လော့”ဟု ဆိုရာ၏၊ ထိုခိုးသူကို မင်းချင်းတို့သည် ခိုင်သော ကြိုးဖြင့် လက်ပြန် မြဲစွာ ချည်တုပ်၍ သင်တုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် ကြမ်းတမ်းသော အသံရှိသော ထက်စည်ဖြင့် လမ်းမ တစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆွဲဆောင်၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်အရပ်၌ ဦးခေါင်းကို့ဖြတ်ကုန်ရာ၏။ သုသိမ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်အားဖြင့် ထိုခိုးသူယောကျာ်းသည် ထိုသို့ ပြင်းထန်သော ဒဏ်ပေးခြင်းအကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရာသည် မဟုတ်လော။ မှန်ပါသည် အသျှင်ဘုရား။

သုသိမ ထိုယောကျာ်းသည် ထိုခိုးမှုအပြစ်ဒဏ်ကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရရာ၏၊ ဤသို့ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ (သာသနာတော်) ၌ တရားကို ခိုးလို၍ ရဟန်းပြုခြင်းသည် ထို ခိုးသူ၏ ဆင်းရဲထက် လွန်ကဲသော ဆင်းရဲခြင်းအကျိုးလည်း ရှိ၏၊ လွန်ကဲသော စပ်ရှားခြင်းအကျိုးလည်း ရှိ၏၊ စင်စစ်အားဖြင့် ပျက်စီးကျရောက်ခြင်းငှါ ဖြစ်၏။ သုသိမ အကြင့်ကြောင့် သင်သည် အပြစ်ကို အပြစ် အားဖြင့် မြင်၍ အပြစ်အားလျော်စွာ ကုစား၏၊ ထိုကြောင့် သင်၏ ထိုအပြစ်ဝန်ခံချက်ကို ငါတို့ သည်းခံ ကုန်၏။ အကြင်သူသည် အပြစ်ကို အပြစ်အလျောက် မြင်၏၊ အပြစ်အားလျော်စွာ ကုစား၏၊ နောင်အခါ၌လည်း စောင့်စည်းခြင်းသို့ ရောက်၏၊ ဤသည်ကား ဘုရားအစရှိသော သူတော်ကောင်းတို့၏ အဆုံးအမ၌ ထိုသူ၏ ကြီးပွားကြောင်းတည်းဟု (ဟောတော်မူ၏)။

ဒသမသုတ် ခုနစ်ခုမြောက် မဟာဝဂ် ပြီး၏။