သံယုတ္တနိကာယ်—၁၄

၂—ဒုတိယဝဂ်

၆—သဂါထာသုတ်

၁ဝဝ။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ် အားဖြင့် သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး ‘အတိတ်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် ‘အနာဂတ်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။

ရဟန်းတို့ ယခု ‘ပစ္စုပ္ပန်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား မစင်ကျင်ကြီးသည် မစင်ကျင်ကြီးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ ကျင်ငယ်သည် ကျင်ငယ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ တံတွေးသည် တံတွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ ပြည်သည် ပြည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ သွေး သည် သွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။ ရဟန်းတို့ ဤအတူသာလျှင် သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

လွန်ပြီး ‘အတိတ်’အခါ၌လည်း။ပ။ နောင် ‘အနာဂတ်’အခါ၌လည်း။ပ။ ယခု ‘ပစ္စုပ္ပန်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး ‘အတိတ်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိ ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် ‘အနာဂတ်’အခါ၌လည်း။ပ။ ရဟန်းတို့ ယခု ‘ပစ္စုပ္ပန်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား နို့ရည်သည် နို့ရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ ဆီသည် ဆီနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ ထောပတ်သည် ထောပတ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ ပျားရည်သည် ပျားရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊ တင်လဲသည် တင်လဲနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ လွန်ပြီး ‘အတိတ်’အခါ၌လည်း။ နောင် ‘အနာဂတ်’အခါ၌လည်း။ ယခု ‘ပစ္စုပ္ပန်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံး သွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤ တရားတော်ကို ဟောတော်မူ၏၊ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူပြီး၍ ထိုမှ နောက်၌ ဤဂါထာတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ တဏှာဖြင့် ကပ်ငြိခြင်းကြောင့် ကိလေသာတောကြီးသည် ပေါက် ရောက် ဖြစ်ပေါ်လာ၏၊ မကပ်ငြိခြင်းကြောင့် ပြတ်၏။ မဟာသမုဒ္ဒရာ၌ သေးငယ် သော သစ်တုံးကို တက်စီးမိ၍ နစ်မြုပ်ရလေသကဲ့သို့ ဤအတူ ပျင်းရိ သော သူကို အစွဲပြု၍ ကောင်းသော အသက်မွေးမှုရှိသော သူသော် မှလည်း နစ်မြုပ်ရ၏။ ထို့ကြောင့် ယုတ်ညံ့သော လုံ့လရှိသော ပျင်းရိ သော ထိုသူကို ရှောင်ကြဉ်ရာ၏။

ဆိတ်ငြိမ်ရာသို့ ကပ်ကုန်သော , ဖြူစင်ကုန်သော , နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သော , ဈာန်ဝင်စားလေ့ရှိကုန်သော , ထက်သန်သော လုံ့လရှိကုန်သော , ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းဖော်နေထိုင်ရာ၏”ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။