သံယုတ္တနိကာယ်—၁၅

၁—ပဌမဝဂ်

၁—တိဏကဋ္ဌသုတ်

၁၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာ နှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည် ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက်, ထင်း, သစ်ခက်, သစ်ရွက်ကို ဖြတ်၍ တပေါင်းတည်း စုရုံးပြီးလျှင် လက်လေးသစ် လက်လေးသစ် အစိတ်ကို ပြု၍ “ဤသည်ကား ငါ၏ အမိတည်း၊ ဤသည်ကား ငါ့ အမိ၏ အမိတည်း”စသည်ဖြင့် တစ်ခုစီ ချထားရာ၏၊ ရဟန်းတို့ ထိုယောကျာ်း၏ အမိအဆက်ဆက်တို့သည် မကုန်မဆုံးနိုင်သည်သာလျှင် ဖြစ်ကုန်ရာ၏၊ စင်စစ်သော်ကား ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက်, ထင်း, သစ်ခက်, သစ်ရွက်သည် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း— ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်သော ကြောင့်ပင်တည်း။ ရဟန်းတို့ ဤသို့ ရှည်လျားကြာမြင့်သော နေ့ညဉ့်တို့ပတ်လုံး ဆင်းရဲကို ခံစားရဖူးလှ လေပြီ၊ ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ၊ သင်္ချိုင်းမြေပုံ သည် တိုးပွားလှလေပြီ။ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင် တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

ပဌမသုတ်။