သံယုတ္တနိကာယ်—၁၅

၂—ဒုတိယဝဂ်

၁—ဒုဂ္ဂတသုတ်

၁၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ။ပ။ ရဟန်းတို့ သံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။ ရဟန်းတို့ ဆင်းရဲသော မကောင်းသော အသွင်ရှိသော အကြင် သတ္တဝါတို့ကို တွေ့မြင်ကုန်ရာ၏၊ ဤသို့ တွေ့မြင်ရာ၌ “ငါတို့သည်လည်း ဤ ရှည်စွာသော အဓွန့်ကာလ၌ ဤသို့သဘောရှိသော ဆင်းရဲကို ခံစားရဖူးလှလေပြီ”ဟု ဆုံးဖြတ်ခြင်းသို့ ရောက်အပ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ပ။ ရဟန်းတို့ အလွန်လျှင် ဤအလုံးစုံသော သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း၊ တပ်ခြင်း ကင်းခြင်းငှါ သင့်လှတော့သည်သာတည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်းဟု (ဟောတော်မူ၏)။

ပဌမသုတ်။