သံယုတ္တနိကာယ်—၁၅

၂—ဒုတိယဝဂ်

၃—တိံသမတ္တသုတ်

၁၃၆။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သုံးကျိပ်သော ပါဝေယျကတိုင်းသား ရဟန်းအားလုံးတို့သည် အာရညကင်ဓုတင်ဆောင်၊ ပိဏ္ဍပါတ်ဓုတင်ဆောင်၊ ပံသုကူ ဓုတင်ဆောင်၊ တိစီဝရိက်ဓုတင်ဆောင်တို့ ဖြစ်ကြကုန်လျက် အလုံးစုံပင် သံယောဇဉ်ရှိကုန်သေးသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင် နေကုန်၏။ ထိုအခါ မြတ်စွာဘုရားအား ဤအကြံသည် ဖြစ်၏— “သုံးကျိပ်မျှသော ဤပါဝေယျကတိုင်းသား ရဟန်းအားလုံးတို့သည် အာရညကင်ဓုတင်ဆောင်၊ ပိဏ္ဍပါတ်ဓုတင်ဆောင်၊ ပံသုကူဓုတင်ဆောင်၊ တိစီဝရိက် ဓုတင်ဆောင်တို့ ဖြစ်ကြကုန်လျက် အလုံးစုံပင် သံယောဇဉ်ရှိကြကုန်သေး၏၊ ထိုရဟန်းတို့အား ဤနေရာ၌ ပင်လျှင် (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ အာသဝတရားတို့မှ စိတ်တို့ လွန်မြောက်ကုန်ရာသော အခြင်း အရာဖြင့် ငါသည် တရားဟောရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရား အား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—

ရဟန်းတို့ သံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန် သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤရှည်စွာသော အဓွန့်ကာလ၌ ပြေးသွားကျင်လည်ကြရကုန်သော သင်တို့၏ ဦးခေါင်းကို ဖြတ်အပ်ကုန် သည် ဖြစ်၍ ယိုစီးသော သွေးရည်ကြည်နှင့် မဟာသမုဒ္ဒရာလေးစင်းရေသည် အဘယ်က သာလွန်များပြား သနည်းဟု မေးတော်မူ၏၊ “အသျှင်ဘုရား ဤရှည်စွာသော အဓွန့်ကာလ၌ ပြေးသွား ကျင်လည်ကြရကုန်သော အကျွန်ုပ်တို့၏ ဦးခေါင်းကို ဖြတ်အပ်ကုန်သည် ဖြစ်၍ ယိုစီးသော သွေးရည်ကြည်သည်သာလျှင် များလှပါ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပါ”ဟု မြတ်စွာဘုရား ဟောတိုင်းသော တရားကို အကျွန်ုပ်တို့ သိပါကုန်၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ ကောင်းစွ ကောင်းစွ၊ ဤရှည်စွာသော အဓွန့်ကာလ၌ ပြေးသွားကျင်လည်ကြရကုန်သော သင်တို့၏ ဦးခေါင်းကို ဖြတ်အပ်ကုန်သည် ဖြစ်၍ ယိုစီးသော သွေးရည်ကြည်သည်သာလျှင် များလှပါ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှဟု ငါဘုရား ဟောတိုင်းသော အခြင်းအရာဖြင့် တရားကို ကောင်းစွာ သိကြကုန်၏။

ရဟန်းတို့ ရှည်စွာသော ညဉ့်တို့ပတ်လုံး နွားဖြစ်ကုန်စဉ် နွားဖြစ်၍ ဦးခေါင်းဖြတ်ခံရသော ယိုစီး သော သွေးရည်ကြည်သည်သာလျှင် များလှ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှချေ။ပ။ ရဟန်းတို့ ရှည်စွာသော ညဉ့်တို့ပတ်လုံး ကျွဲဖြစ်ကုန်စဉ် ကျွဲဖြစ်၍ ဦးခေါင်းဖြတ်ခံရသော သင်တို့၏ ယိုစီးသော သွေးရည်ကြည်သည်သာလျှင် များလှ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှချေ။ပ။ ရဟန်းတို့ ရှည်စွာသော ညဉ့်တို့ပတ်လုံး သိုးဖြစ်ကုန်စဉ် သိုးဖြစ်၍ ဦးခေါင်းဖြတ်ခံရသော သင်တို့၏။ပ။ ဆိတ်ဖြစ် ကုန်စဉ် ဆိတ်ဖြစ်၍ ဦးခေါင်းဖြတ်ခံရသော သင်တို့၏။ သမင်ဖြစ်ကုန်စဉ် သမင်ဖြစ်၍ ဦးခေါင်းဖြတ်ခံရ သော သင်တို့၏။ ကြက်ဖြစ်ကုန်စဉ် ကြက်ဖြစ်၍ ဦးခေါင်းဖြတ်ခံရသော သင်တို့၏။ ဝက်ဖြစ်ကုန်စဉ် ဝက်ဖြစ်၍ ဦးခေါင်းဖြတ်ခံရသော သင်တို့၏။

ရဟန်းတို့ ရှည်စွာသော ညဉ့်တို့ပတ်လုံး ရွာကို ဖျက်ဆီးတတ်ကုန်သော ခိုးသူဖြစ်စဉ် “ရွာကို ဖျက်ဆီးတတ်ကုန်သော ခိုးသူ”ဟူ၍ ဖမ်းပြီးလျှင် ဦးခေါင်းဖြတ်ခံရသော သင်တို့၏ ယိုစီးသော သွေးရည် ကြည်သည်။ ရဟန်းတို့ ရှည်စွာသော ညဉ့်တို့ပတ်လုံး “လမ်းခရီး၌ လုယက်တတ်ကုန်သော ခိုးသူတို့” ဟူ၍ ဖမ်းပြီးလျှင် ဦးခေါင်းဖြတ်ခံရသော သင်တို့၏ ယိုစီးကုန်သော သွေးရည်ကြည်သည်။ ရဟန်းတို့ ရှည်စွာသော ညဉ့်တို့ပတ်လုံး “သူတစ်ပါး၏ မယားကို ခိုးတတ်သော ခိုးသူတို့”ဟူ၍ ဖမ်းပြီးလျှင် ဦးခေါင်းဖြတ်ခံရသော သင်တို့၏ ယိုစီးသော သွေးရည်ကြည်သည် များလှ၏၊ မဟာသမုဒ္ဒရာလေးစင်းရေ သည် မများလှချေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရား ဟောအပ် သော တရားကို နှစ်လိုဝမ်းမြောက်ကြကုန်၏၊ ဤသို့ ဤဂါထာ မဖက် စုဏ္ဏိယသက်သက် တရားတော်ကို ဟောတော်မူသည်ရှိသော် ပါဝေယျကတိုင်းသား ရဟန်းသုံးကျိပ်တို့အား တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ စိတ်တို့သည် အာသဝေါတရားတို့မှ လွတ်မြောက်ကုန်၏ဟု (ဟောတော်မူ၏)။

တတိယသုတ်။