သံယုတ္တနိကာယ်—၁၅

၂—ဒုတိယဝဂ်

၉—ဓီတုသုတ်

၁၄၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ အဝိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။

ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ သမီးမဖြစ်ဖူးသော သတ္တဝါကို ရလွယ်သည် မဟုတ်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း — ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။

ရဟန်းတို့ ဤသို့လျှင် ရှည်စွာသော ညဉ့်တို့ပတ်လုံး သင်တို့သည် ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ၊ သင်္ချိုင်းမြေပုံသည့်တိုးပွားလှလေပြီ။ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာ တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှတော့သည်သာတည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာ တည်းဟု (ဟောတော်မူ၏)။

နဝမသုတ်။