သံယုတ္တနိကာယ်—၁၅

၂—ဒုတိယဝဂ်

၁ဝ—ဝေပုလ္လပဗ္ဗတသုတ်

၁၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင် ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန် သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ဤဝေပုလ္လတောင်၏ အမည်သည် “ပါစီနဝံသတောင်”ဟူ၍သာ လျှင် ထင်ရှား၏၊ ရဟန်းတို့ ထိုစဉ်အခါ၌ လူတို့၏ အမည်သည် “တိဝရ”ဟူ၍သာလျှင် ထင်ရှား၏၊ ရဟန်းတို့ တိဝရအမည်ရှိသော လူတို့အား အနှစ်လေးသောင်းတို့ပတ်လုံး အသက်တမ်းပမာဏသည် ဖြစ်၏၊ ရဟန်းတို့ တိဝရမည်သော လူတို့သည် ပါစီနဝံသတောင်ကို လေးရက်ဖြင့် တက်ရကုန်၏၊ လေး ရက်ဖြင့် ဆင်းရကုန်၏။ ရဟန်းတို့ ထိုအခါ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော ကကုသန်မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ရဟန်းတို့ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော ကကုသန် မြတ်စွာဘုရား၏ ဝိဓုရ, သဦ္ဇဝအမည်ရှိသော ကောင်းမြတ်သော တပည့်အစုံသည် ဖြစ်၏။ ရဟန်းတို့ ရှုကြကုန်လော့၊ ဤဝေပုလ္လတောင်၏ ထိုပါစီနဝံသဟူသော အမည်သည်လည်း ကွယ်ပျောက်လေပြီ၊ ထိုလူတို့သည်လည်း သေကုန်ပြီ၊ ထိုကကုသန်မြတ်စွာဘုရားသည်လည်း ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့လျှင် မမြဲကြကုန်၊ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤ သို့လျှင် မခိုင်ခံ့ကြကုန်၊ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့လျှင် သာယာဖွယ်မရှိသဖြင့် သက်သာရာ မရကုန်၊ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှတော့သည်သာတည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်း။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ဤဝေပုလ္လတောင်၏ အမည်သည် “ဝင်္ကကတောင်”ဟူ၍သာလျှင် ထင်ရှား၏၊ ရဟန်းတို့ ထိုစဉ်အခါ၌ လူတို့၏ အမည်သည် “ရောဟိတဿ”ဟူ၍သာလျှင် ထင်ရှား၏၊ ရဟန်းတို့ ရောဟိတဿမည်သော လူတို့အား အနှစ်သုံးသောင်းတို့ပတ်လုံး အသက်တမ်းပမာဏသည် ဖြစ်၏၊ ရဟန်းတို့ ရောဟိတဿမည်သော လူတို့သည် ဝင်္ကကတောင်ကို သုံးရက်ဖြင့် တက်ရကုန်၏၊ သုံးရက်ဖြင့် ဆင်းရကုန်၏။ ရဟန်းတို့ ထိုအခါ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော ကောဏာဂုံမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ရဟန်းတို့ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက် သော ကောဏာဂုံမြတ်စွာဘုရား၏ ဘိယျောသ, ဥတ္တရအမည်ရှိသော ကောင်းမြတ်သော တပည့်အစုံသည် ဖြစ်၏။ ရဟန်းတို့ ရှုကြကုန်လော့၊ ဤဝေပုလ္လတောင်၏ ထိုဝင်္ကကဟူသော အမည်သည်လည်း ကွယ် ပျောက်လေပြီ၊ ထိုလူတို့သည်လည်း သေကုန်ပြီ၊ ထိုကောဏာဂုံမြတ်စွာဘုရားသည်လည်း ပရိနိဗ္ဗာန်ပြု့တော်မူလေပြီ။ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့လျှင် မမြဲကြကုန်။ပ။ လွတ်မြောက်ခြင်းငှါ သင့် လှတော့သည်သာတည်း။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ဤဝေပုလ္လတောင်၏ အမည်သည် “သုပဿ”ဟူ၍သာလျှင် ထင်ရှား၏၊ ရဟန်းတို့ ထိုစဉ်အခါ၌ လူတို့၏ အမည်သည် “သုပ္ပိယ”ဟူ၍သာလျှင် ထင်ရှား၏၊ ရဟန်းတို့ သုပ္ပိယမည်သော လူတို့အား အနှစ်နှစ်သောင်းတို့ပတ်လုံး အသက်တမ်းပမာဏသည် ဖြစ်၏၊ ရဟန်းတို့ သုပ္ပိယမည်သော လူတို့သည် သုပဿတောင်ကို နှစ်ရက်ဖြင့် တက်ရကုန်၏၊ နှစ်ရက်ဖြင့် ဆင်းရကုန်၏။ ရဟန်းတို့ ထိုအခါ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော ကဿပမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ရဟန်းတို့ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော ကဿပမြတ်စွာဘုရား၏ တိဿ, ဘာရဒွါဇအမည်ရှိသော ကောင်းမြတ်သော တပည့်အစုံသည် ဖြစ်၏။ ရဟန်းတို့ ရှုကြကုန် လော့၊ ဤဝေပုလ္လတောင်၏ ထိုသုပဿဟူသော အမည်သည်လည်း ကွယ်ပျောက်လေပြီ၊ ထိုလူတို့သည်လည်း သေကုန်ပြီ၊ ထိုကဿပမြတ်စွာဘုရားသည်လည်း ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။ ရဟန်းတို့ သင်္ခါရ တရားတို့သည် ဤသို့လျှင် မခိုင်ခံ့ကြကုန်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်း။

ရဟန်းတို့ ယခုအခါ၌ကား ဤဝေပုလ္လတောင်၏ အမည်သည် “ဝေပုလ္လ”ဟူ၍သာလျှင် ထင်ရှား၏၊ ရဟန်းတို့ ယခုအခါ၌ကား ဤလူတို့၏ အမည်သည် “မာဂဓက”ဟူ၍သာလျှင် ထင်ရှား၏၊ ရဟန်းတို့ မာဂဓကမည်သော လူတို့၏ အသက်တမ်းပမာဏသည် နည်း၏၊ တို၏၊ လျင်မြန်၏၊ ကြာမြင့်စွာ အသက် ရှည်သော သူသည် အနှစ်တစ်ရာသော်လည်းကောင်း၊ အနှစ်တစ်ရာထက် အနည်းငယ် လွန်၍သော်လည်းကောင်း ရှည်နိုင်၏။ ရဟန်းတို့ မာဂဓကမည်သော လူတို့သည် ဝေပုလ္လတောင်ကို တစ်မုဟုတ်ချင်းဖြင့် တက်နိုင်ကုန်၏၊ တစ်မုဟုတ်ချင်းဖြင့် ဆင်းနိုင်ကုန်၏။ ရဟန်းတို့ ယခုအခါ၌ကား (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော ငါဘုရားသည် လောက၌ ထင်ရှားပွင့်တော်မူ၏၊ ရဟန်းတို့ ငါဘုရား၏ သာရိပုတ္တရာ, မောဂ္ဂလာန်အမည်ရှိသော ကောင်းမြတ်သော တပည့်အစုံသည် ဖြစ်၏။ ရဟန်းတို့ ဤဝေပုလ္လတောင်၏ ဝေပုလ္လဟူသော အမည်သည်လည်း ကွယ် ပျောက်လတ္တံ့၊ ဤလူတို့သည်လည်း သေကုန်လတ္တံ့၊ ငါဘုရားသည်လည်း ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုအခါ သည် ဖြစ်လတ္တံ့။

ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့လျှင် မမြဲကြကုန်၊ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့ လျှင် သာယာဖွယ်မရှိသဖြင့် သက်သာရာ မရကြကုန်။ ရဟန်းတို့ အလုံးစုံသော သင်္ခါရတရားတို့၌ အလွန် လျင် ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှတော့သည်သာတည်း၊ လွတ် မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်းဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်း သော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားပြေတရားကို မိန့်တော်မူပြီး၍ ထိုမှနောက်၌ ဤဂါထာကို မိန့်တော်မူ၏—

“တိဝရမည်သော လူတို့၏ လက်ထက်၌ ဤတောင်သည် ပါစီနဝံသ အမည်ရှိ၏၊ ရောဟိတဿအမည်ရှိသော လူတို့၏ လက်ထက်၌ ဤတောင်သည် ဝင်္ကက အမည် ရှိ၏၊ သုပ္ပိယအမည်ရှိသော လူတို့၏ လက်ထက်၌ ဤတောင်သည် သုပဿ အမည် ရှိ၏၊ မာဂဓကမည်သော လူတို့၏ လက်ထက်၌ ဤတောင်သည် ဝေပုလ္လ အမည် ရှိ၏။

သင်္ခါရတရားတို့သည် အမြဲ မရှိကြကုန်၊ ဖြစ်ခြင်း ပျက်ခြင်းသဘော ရှိကုန်၏၊ ဖြစ်ပြီး၍ ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်းရာ နိဗ္ဗာန်သည်ကား ချမ်းသာ၏”ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။

အနမတဂ္ဂသံယုတ် ပြီး၏။