သံယုတ္တနိကာယ်—၁၅

၁—ပဌမဝဂ်

၃—အဿုသုတ်

၁၂၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်း ဖော်ရခြင်းကြောင့်လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့်လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော သင်တို့၏ ယိုစီးသော မျက်ရည်ကြည်နှင့် မဟာသမုဒ္ဒရာလေးစင်းရေသည် အဘယ်က ပိုလွန် များပြားသနည်းဟု မေးတော်မူ၏။ အသျှင်ဘုရား ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွား ကျင်လည်ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့်လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့်လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော အကျွန်ုပ်တို့၏ ယိုစီးသော မျက်ရည်ကြည်သည်သာလျှင် များ လှပါ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပါဟု မြတ်စွာဘုရား ဟောတိုင်းသော အခြင်းအရာဖြင့် တရားတော်ကို အကျွန်ုပ်တို့ သိရပါကုန်၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ကောင်းလေစွ ကောင်းလေစွ၊ ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်း ဖော်ရခြင်းကြောင့်လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့်လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော သင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည်သာလျှင် များလှပေ၏၊ မဟာ သမုဒ္ဒရာလေးစင်းရေသည် မများလှဟု ဤငါဟောတိုင်းသော အခြင်းအရာဖြင့် တရားတော်ကို ကောင်းစွာ သိကြကုန်၏၊

ရဟန်းတို့ ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး သင်တို့သည် အမိ၏ သေခြင်းကို တွေ့ကြုံခံစားရဖူး လှလေပြီ၊ ထိုအမိ၏ သေခြင်းကို တွေ့ကြုံခံစားရကုန်သည် ဖြစ်၍ မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့်လည်းကောင်း၊ ချစ်နှစ်သက်အပ်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့်လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော ထိုသင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် များလှလေပြီ၊ မဟာ သမုဒ္ဒရာလေးစင်းရေသည် မများလှပေ။ ရဟန်းတို့ ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး သင်တို့သည် အဖ၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ပ။ အစ်ကို၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ နှမ၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ သား၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ သမီး၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ ဆွေမျိုးတို့၏ ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ စည်း စိမ်ဥစ္စာ ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ ရဟန်းတို့ ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး သင်တို့ သည် ရောဂါနှိပ်စက်ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ ရောဂါနှိပ်စက်ပျက်စီးခြင်းကို တွေ့ကြုံ ခံစားရကုန်သည် ဖြစ်၍ မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့်လည်းကောင်း၊ ချစ် နှစ်သက်အပ်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့်လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော ထိုသင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် များလှလေပြီ၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပေ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ ဤသို့လျှင် အလုံးစုံ သော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ့သင့်လှသည်သာလျှင် တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

တတိယသုတ်။