သံယုတ္တနိကာယ်—၁၅

၁—ပဌမဝဂ်

၄—ခီရသုတ်

၁၂၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သင်တို့ သောက်စို့အပ်သော အမိနို့ရည် နှင့် မဟာသမုဒ္ဒရာလေးစင်းရေသည် အဘယ်က သာလွန်များပြားသနည်းဟု မေးတော်မူ၏။

အသျှင်ဘုရား ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွား ကျင်လည်ကြရကုန်သော အကျွန်ုပ်တို့ သောက်စို့အပ်သော အမိနို့ရည်သည်သာလျှင် များလှပါ၏၊ မဟာ သမုဒ္ဒရာလေးစင်းရေသည် မများလှပါဟု မြတ်စွာဘုရား ဟောတိုင်းသော အခြင်းအရာဖြင့် တရားတော်ကို အကျွန်ုပ်တို့ သိရပါကုန်၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ကောင်းစွ ကောင်းစွ၊ ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သင်တို့ သောက်စို့အပ်သော အမိနို့ရည်သည်သာ လျှင် များလှပါ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပေဟု ငါဘုရား ဟောတိုင်းသော တရားတော် ကို ကောင်းစွာ သိအပ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။