သံယုတ္တနိကာယ်—၁၅

၁—ပဌမဝဂ်

၅—ပဗ္ဗတသုတ်

၁၂၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း”ဟု လျှောက်၏။ ရဟန်း ကမ္ဘာသည် ရှည် လျားလှ၏၊ ထိုကမ္ဘာကို “ဤမျှသော နှစ်တို့”ဟူ၍လည်းကောင်း၊ “ဤမျှသော နှစ်အရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှသော နှစ်အထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှသော နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ “ရဟန်း တတ် ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးသည် အလျားအားဖြင့် တစ်ယူဇနာ အနံအားဖြင့် တစ်ယူဇနာ အစောက်အားဖြင့် တစ်ယူဇနာ ရှိ၏၊ ထို ကျောက်တောင်ကြီးကို ယောကျာ်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာ လွန်သောအခါ၌ ကာသိတိုင်းဖြစ် အဝတ်ဖြင့် တစ်ကြိမ်တစ်ကြိမ်သာ ပွတ်တိုက်ရာ၏၊ ရဟန်း ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျင်စွာသာလျှင် ကုန်ခြင်းဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်းဆုံးခြင်းသို့ မရောက်ရာ။

ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊ ရဟန်း ဤသို့ ရှည်လျားလှသော ကမ္ဘာတို့၏ “တစ်ခု သော ကမ္ဘာ”ဟူ၍ မပြောဆိုအပ်၊ “ကမ္ဘာတစ်ရာ”ဟူ၍ မပြောဆိုအပ်၊ “ကမ္ဘာတစ်ထောင်”ဟူ၍ မပြော ဆိုအပ်၊ “ကမ္ဘာတစ်သိန်း”ဟူ၍ မပြောဆိုအပ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း— ရဟန်း ဤ သံသရာ၏့အစကို မသိနိုင်၊ ရှေ့အစွန်းသည်။ပ။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။