သံယုတ္တနိကာယ်—၁၅

၁—ပဌမဝဂ်

၆—သာသပသုတ်

၁၂၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း”ဟု လျှောက်၏။ ရဟန်း ကမ္ဘာသည် ရှည်လျားလှ၏၊ ထိုကမ္ဘာကို “ဤ မျှသော နှစ်တို့”ဟူ၍လည်းကောင်း။ပ။ “ဤမျှသော နှစ်အသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ “ရဟန်း တတ် ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား အလျား တစ်ယူဇနာ အနံ တစ်ယူဇနာ အစောက် တစ်ယူဇနာရှိသော မုန်ညင်းစေ့တို့ဖြင့် အစိုင်အခဲဖွဲ့လျက် ပြည့်သော သံဖြင့်ပြီးသော မြို့သည် ရှိရာ၏၊ ယောကျာ်းသည် ထိုမြို့တွင်းရှိ မုန်ညင်းစေ့ ပုံမှ အနှစ်တစ်ရာ အနှစ်တစ်ရာကို လွန်သောအခါ မုန်ညင်းစေ့ တစ်စေ့စီ တစ်စေ့စီ ထုတ်ယူရာ၏၊ ရဟန်း ထိုကြီးစွာသော မုန်ညင်းစေ့ အစုသည် ကုန်ခြင်း ဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်း ဆုံးခြင်းသို့ မရောက်နိုင်ရာ။

ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊ ရဟန်း ဤသို့ ရှည်လျားလှသော ကမ္ဘာတို့၏ “တစ်ခု သော ကမ္ဘာ”ဟူ၍ မပြောဆိုအပ်၊ “ကမ္ဘာတစ်ရာ”ဟူ၍ မပြောဆိုအပ်၊ “ကမ္ဘာတစ်ထောင်”ဟူ၍ မပြောဆို အပ်၊ “ကမ္ဘာတစ်သိန်း”ဟူ၍ မပြောဆိုအပ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း—ရဟန်း ဤသံသရာ၏ အစကို မသိနိုင်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်းဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။