သံယုတ္တနိကာယ်—၁၅

၁—ပဌမဝဂ်

၈—ဂင်္ဂါသုတ်

၁၃၁။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပုဏ္ဏားတစ်ယောက် သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား “အသျှင်ဂေါတမ ရှေး၌ ကျော်လွန်ကုန်ပြီး သော ကမ္ဘာတို့သည် အဘယ်မျှလောက် များပါကုန်သနည်း”ဟု လျှောက်၏။ ပုဏ္ဏား ရှေး၌ ကျော်လွန် ကုန်ပြီးသော ကမ္ဘာတို့သည် များလှသည်သာတည်း၊ ထိုကမ္ဘာတို့ကို “ဤမျှသော ကမ္ဘာတို့”ဟူ၍လည်းကောင်း၊ “ဤမျှသော ကမ္ဘာအရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှသော ကမ္ဘာအထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှသော ကမ္ဘာအသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ “ပုဏ္ဏား ဥပမာ ပြုခြင်းငှါ တတ်ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ပုဏ္ဏား ဥပမာသော်ကား ဤ ဂင်္ဂါမြစ် စ၍စီးရာမှ မဟာသမုဒ္ဒရာသို့ စီးဝင်ရာ အရပ်တိုင်အောင် ထိုအကြား၌ “ဤမျှသော သဲတို့”ဟူ၍လည်းကောင်း၊ “ဤမျှသော သဲအရာတို့” ဟူ၍လည်းကောင်း၊ “ဤမျှသော သဲအထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှသော သဲအသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။

ပုဏ္ဏား ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် ထိုသဲတို့ထက် များလှသည်သာတည်း၊ ထို ကမ္ဘာတို့ကို “ဤမျှသော ကမ္ဘာတို့”ဟူ၍လည်းကောင်း၊ “ဤမျှသော ကမ္ဘာအရာတို့”ဟူ၍လည်းကောင်း၊ “ဤမျှသော ကမ္ဘာအထောင်တို့”ဟူ၍လည်းကောင်း၊ “ဤမျှသော ကမ္ဘာအသိန်းတို့”ဟူ၍လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း—ပုဏ္ဏား ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင် သောကြောင့်ပင်တည်း။

ပုဏ္ဏား ဤသို့လျှင် ရှည်မြင့်သော နေ့ညဉ့်တို့ပတ်လုံး ဆင်းရဲကို တွေ့ကြုံခံစားရဖူးလှလေပြီ၊ ပြင်းထန်သော ဆင်းရဲကို တွေ့ကြုံခံစားရဖူးလှလေပြီ၊ ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ၊ သင်္ချိုင်း မြေပုံသည် တိုးပွားလှလေပြီ။ ပုဏ္ဏား ဤသို့လျှင် အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည် သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင် တည်းဟု ဟောတော်မူ၏။

ဤသို့ ဟောတော်မူသည်ရှိသော် ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ်ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍့အသက်ထက်ဆုံး ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

အဋ္ဌမသုတ်။