သံယုတ္တနိကာယ်—၁၅

၁—ပဌမဝဂ်

၉—ဒဏ္ဍသုတ်

၁၃၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။ ရဟန်းတို့ ဥပမာသော်ကား အထက်ကောင်းကင်သို့ ပစ်လွှတ်အပ်သော တောင်ဝှေးသည် တစ်ကြိမ်လည်း အရင်းဖြင့် ကျ၏၊ တစ်ကြိမ်လည်း အလယ်ဖြင့် ကျ၏၊ တစ်ကြိမ်လည်း အဖျားဖြင့် ကျ၏။

ရဟန်းတို့ ဤဥပမာအတူသာလျှင် မသိမှု ‘အဝိဇ္ဇာ’ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤ ရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့သည် တစ်ကြိမ်လည်း ဤလောကမှ တစ်ပါးသော လောကသို့ ရောက်ကုန်၏၊ တစ်ကြိမ်လည်း တစ်ပါးသော လောကမှ ဤလောကသို့ ရောက်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း—ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်းဟု (ဟော တော်မူ၏)။

နဝမသုတ်။