သံယုတ္တနိကာယ်—၁၆

၁—သန္တုဋ္ဌသုတ်

၁၄၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤကဿပသည် ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုလေ့ ရှိ၏။ သင်္ကန်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းကို မရသော်လည်း မတောင့်တ၊ သင်္ကန်းကို ရ၍လည်း မမက်မော၊ မတွေဝေ၊ တဏှာဖြင့်် မလွှမ်းမိုး၊ အပြစ်ကို ရှုလျက် ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ သုံးဆောင်၏။

ရဟန်းတို့ ဤကဿပသည် ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုလေ့ရှိ၏။ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ် သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းကို မရသော်လည်း မတောင့်တ၊ ဆွမ်းကို ရ၍လည်း မမက် မော၊ မတွေဝေ၊ တဏှာဖြင့် မလွှမ်းမိုး၊ အပြစ်ကို ရှုလျက် ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ သုံးဆောင်၏။

ရဟန်းတို့ ဤကဿပသည် ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှ သော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုလေ့ရှိ၏။ ကျောင်းအိပ်ရာ နေရာဟူသော အကြောင်းကြောင့် မလျောက်ပတ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ကျောင်းအိပ်ရာ နေရာကို မရသော်လည်း မတောင့်တ၊ ကျောင်းအိပ်ရာနေရာကို ရ၍လည်း မမက်မော၊ မတွေဝေ၊ တဏှာဖြင့် မလွှမ်းမိုး၊ အပြစ်ကို ရှုလျက် ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ သုံးဆောင်၏။

ရဟန်းတို့ ဤကဿပသည် ရတတ်သမျှသော သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲခြင်း၏ ဂုဏ် ကျေးဇူးကိုလည်း ပြောဆိုလေ့ရှိ၏။ သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဟူသော အကြောင်း ကြောင့် မလျောက်ပတ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သူနာတို့၏ အထောက်အပံ့ ဆေးအသုံး အဆောင်ကို မရ၍လည်း မတောင့်တ၊ သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရ၍လည်း မမက်မော၊ မတွေဝေ၊ တဏှာဖြင့် မလွှမ်းမိုး၊ အပြစ်ကို ရှုလျက် ထွက်မြောက်ကြောင်း ပညာရှိသည်ဖြစ်၍ သုံးဆောင်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည် “ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲကုန်အံ့၊ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုချီးမွမ်းလေ့ရှိ ကုန်အံ့၊ သင်္ကန်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော ရှာမှီးခြင်းသို့လည်း မရောက်ကုန်အံ့၊ သင်္ကန်းကို မရသော်လည်း မတောင့်တကုန်အံ့၊ သင်္ကန်းကို ရ၍လည်း မမက်မော၊ မတွေဝေ၊ တဏှာဖြင့် မလွှမ်းမိုး၊ အပြစ်ကို ရှုလျက် ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ သုံးဆောင်ကုန်အံ့” [ ဤအတူ အလုံးစုံကို ပြုအပ်၏ ]။

“ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲကုန်အံ့။ပ။ ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲကုန်အံ့။ပ။ ရတတ်သမျှသော သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲကုန်အံ့၊ ရတတ်သမျှသော သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုကုန်အံ့၊ သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဟူသော အကြောင်းကြောင့် မလျောက်ပတ်သော ရှာမှီးခြင်းသို့လည်း မရောက်ကုန်အံ့၊ သူနာတို့၏ အထောက်အပံ့ဆေးအသုံးအဆောင် ကို ရ၍လည်း မမက်မော၊ မတွေဝေ၊ တဏှာဖြင့် မလွှမ်းမိုး၊ အပြစ်ကို ရှုလျက် ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ သုံးဆောင်ကုန်အံ့”ဟု ရဟန်းတို့ ဤသို့လျှင် သင်တို့သည် ကျင့်ကြံရမည်။ ရဟန်းတို့ သင်တို့အား ကဿပ (ဥပမာ)ဖြင့်လည်းကောင်း၊ ကဿပနှင့် တူသော မထေရ်ဥပမာဖြင့်လည်းကောင်း ငါဘုရား ဆုံးမအံ့၊ ဆုံးမအပ်ကုန်သော သင်တို့သည် မချွတ်မယွင်း ဖြစ်ခြင်းငှါ ကျင့်အပ်၏ဟု (ဟောတော်မူ၏)။

ပဌမသုတ်။