သံယုတ္တနိကာယ်—၁၆
၁ဝ—ဥပဿယသုတ်
၁၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်မဟာကဿပသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အရှင်အာနန္ဒာသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် အသျှင်မဟာကဿပ အထံသို့ ချဉ်းကပ်၍ အသျှင်မဟာကဿပအား— “အရှင်ဘုရားကဿပ သွားကြပါကုန်စို့၊ တစ်ခုသော ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်ပါကုန်အံ့”ဟု လျှောက်၏။ ငါ့ရှင်အာနန္ဒာ သင် သွားလော့၊ သင်သည် များ သော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏ဟု (ဆို၏)။
နှစ်ကြိမ်မြောက်လည်း အရှင်အာနန္ဒာသည် “အရှင် ဘုရားကဿပ သွားပါကုန်အံ့၊ တစ်ခုသော ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်ပါကုန်အံ့”ဟု လျှောက်၏။ ငါ့သျှင်အာနန္ဒာ သင် သွားလော့၊ သင်သည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏ဟု (ဆို၏)။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် “အသျှင်ဘုရားကဿပ သွားပါကုန်အံ့၊ တစ်ခုသော ဘိက္ခုနီမ ကျောင်းသို့ ချဉ်းကပ်ပါကုန်အံ့”ဟု လျှောက်၏။
ထိုအခါ အသျှင်မဟာကဿပသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်လိုက်ရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့် အတူ တစ်ခုသော ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ များစွာကုန်သော ဘိက္ခုနီမတို့သည် အသျှင်မဟာကဿပ ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကဿပကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကုန်သော ထိုဘိက္ခုနီမတို့ကို အသျှင်မဟာကဿပသည် တရားစကားဖြင့် ကောင်းစွာ ပြောကြားလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏၊ ထိုအခါ အရှင်မဟာကဿပသည် ထိုဘိက္ခုနီမတို့အား တရားစကားကို ကောင်းစွာ ဟောကြား၍ တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်စေပြီးလျှင် နေရာမှ ထ၍ ကြွသွား၏၊ ထိုအခါ ထုလ္လ တိဿာ ဘိက္ခုနီမသည် မနှစ်လိုသည် ဖြစ်၍ “အဘယ့်ကြောင့် အသျှင်မဟာကဿပသည် ပညာရှိရဟန်း ဖြစ်သော အသျှင်အာနန္ဒာ၏ မျက်မှောက်၌ တရားဟောသင့်၏ဟူ၍ မှတ်ထင်ဘိသနည်း၊ အပ်ကုန်သည် သည် အပ်လုပ်သော သူ၏အထံ၌ အပ်ကို ရောင်းအပ်၏ဟု မှတ်ထင်သကဲ့သို့ ဤအတူသာလျှင် အသျှင် မဟာကဿပသည် ပညာရှိရဟန်းဖြစ်သော အသျှင်အာနန္ဒာ၏ မျက်မှောက်၌ တရားကို ဟောသင့်သည်ဟု မှတ်ထင်ဘိ၏”ဟု မနှစ်လိုသော စကားကို ဆို၏။
အသျှင်မဟာကဿပသည် ထုလ္လတိဿာဘိက္ခုနီမ၏ ဆိုသော ဤစကားကို ကြား၍ အသျှင်အာနန္ဒာ အား “ငါ့သျှင်အာနန္ဒာ အသို့နည်း ငါသည် အပ်ကုန်သည် ဖြစ်၍ သင်သည် အပ်လုပ်သူ ဖြစ်သလော၊့ထိုသို့မဟုတ်မူ ငါသည် အပ်လုပ်သူ ဖြစ်၍ သင်သည် အပ်ကုန်သည် ဖြစ်သလော”ဟု ဆို၏။ အသျှင် ဘုရားကဿပ သည်းခံတော်မူပါလော့၊ မာတုဂါမသည် မိုက်ပါ၏ဟု (လျှောက်၏)။ ငါ့သျှင်အာနန္ဒာ သင်သည် ဆိုင်းငံ့လော့၊ သင့်အား သံဃာသည် အလွန် မစူးစမ်းပါစေလင့်။
ငါ့သျှင်အာနန္ဒာ ထိုအရာကို အသို့ မှတ်ထင်သနည်း၊ “ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ပဌမဈာန်ကို ဝင်စားနေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’, သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ , ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်ကို ဝင်စားနေ၏။ ရဟန်းတို့ အာနန္ဒာသည်လည်း အကြင်မျှလောက် ပဌမဈာန်ကို ဝင်စားနေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’, သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’, ချမ်းသာ မှု ‘သုခ’ရှိသော ပဌမဈာန်ကို ဝင်စားနေနိုင်၏”ဟု ရဟန်းသံဃာဝယ် သင့်ကို မြတ်စွာဘုရား မျက်မှောက်၌ (မြတ်စွာဘုရားနှင့် အတူပြု၍) ဆောင်အပ်ဖူးသလော။ အသျှင်ဘုရား မဆောင်အပ်ဖူးပါ။
ငါ့သျှင် “ရဟန်းတို့ ငါသည် အကြင်မျှလောက် ပဌမဈာန်ကို ဝင်စားနေရန် အလိုရှိ၏၊ ထိုမျှလောက် ပင် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ , သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’, ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်ကို ဝင်စားနေ၏။ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် ပဌမဈာန်ကို ဝင်စားနေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်ကို ဝင်စားနေနိုင်၏”ဟု ရဟန်းသံဃာဝယ် ငါ့ကို မြတ်စွာဘုရား မျက် မှောက်၌ (မြတ်စွာဘုရားနှင့် အတူပြု၍) ဆောင်အပ်ဖူး၏။ပ။ (အနုပုဗ္ဗဝိဟာရသမာပတ်ကိုးပါး အဘိညာဉ် ငါးပါးတို့၌ ဤအတူ ချဲ့၍ သိလေ)။
ငါ့သျှင်အာနန္ဒာ ထိုအရာကို အသို့ မှတ်ထင်သနည်း၊ “ရဟန်းတို့ ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တ ဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍နေ၏။ ရဟန်းတို့ အာနန္ဒာသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ်မြောက် သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ရဟန်းသံဃာဝယ် သင့်ကို မြတ်စွာဘုရား မျက် မှောက်တော်၌ (မြတ်စွာဘုရားနှင့် အတူပြု၍) ဆောင်အပ်ဖူးသလော။ အသျှင်ဘုရား မဆောင်အပ်ဖူးပါ။
ငါ့သျှင် “ရဟန်းတို့ ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ် မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ကဿပသည်လည်း အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက် သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ရဟန်းသံဃာဝယ် ငါ့ကို မြတ်စွာဘုရား မျက်မှောက်တော်၌ (မြတ်စွာဘုရားနှင့် အတူပြု၍) ဆောင်အပ်ဖူး၏။ ငါ့သျှင် အကြင်သူသည် ငါ၏ အဘိညာဉ်ခြောက်ပါးတို့ကို ဖုံးလွှမ်းအပ်၏ဟု မှတ်ထင်၏၊ ထိုသူသည် ခုနစ်တောင် , ခုနစ်တောင့်ထွာရှိသော ဆင်ကို ထန်းရွက်ဖြင့် ဖုံးလွှမ်းအပ်၏ဟု မှတ်ထင်ဘိ၏ဟု (မိန့်ဆို၏)။
ထုလ္လတိဿာဘိက္ခုနီမသည်ကား မြတ်သောအကျင့်မှ ရွေ့လျောလေ၏။
ဒသမသုတ်။