သံယုတ္တနိကာယ်—၁၆

၁၁—စီဝရသုတ်

၁၅၄။ အခါတစ်ပါး၌ အသျှင်မဟာကဿပသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် ဒက္ခိဏဂိရိ၌ များစွာ သော ရဟန်းသံဃာတို့နှင့်အတူ (ဒေသစာရီ) လှည့်လည်၏။

ထိုအခါ သုံးကျိပ်မျှကုန်သော အများအားဖြင့် ရဟန်းငယ်ဖြစ်သော အသျှင်အာနန္ဒာ၏ အတူနေ တပည့်တို့သည် သိက္ခာကို စွန့်၍ လူထွက်ကုန်၏၊ ထိုအခါ အသျှင်အာနန္ဒာသည် ဒက္ခိဏဂိရိ၌ မွေ့လျော် သလောက် ဒေသစာရီ လှည့်လည်ပြီး၍ ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဖြစ်သော ဝေဠုဝန် ကျောင်း အသျှင်မဟာကဿပထံသို့ ချဉ်းကပ်၍ အသျှင်မဟာကဿပကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား အသျှင်မဟာကဿပသည် “ငါ့သျှင် အာနန္ဒာ အဘယ်မျှလောက်သော အကျိုးထူးကို စွဲ၍ မြတ်စွာဘုရားသည် ဒါယကာတို့၌ သုံးပါးခံယူနိုင် သော တိကဘောဇဉ်ကို ပညတ်တော်မူသနည်း”ဟု မိန့်တော်မူ၏။

အသျှင်ဘုရားကဿပ သုံးပါးသော အကျိုးထူးတို့ကို စွဲ၍ မြတ်စွာဘုရားသည် ဒါယကာအိမ်တို့၌ သုံးပါးခံယူနိုင်သော တိကဘောဇဉ်ကို ပညတ်တော်မူ၏။ သီလမရှိသော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ သီလကို ချစ်ကုန်သော ရဟန်းတို့အား ချမ်းသာစွာ နေရခြင်းငှါ၊ အလိုဆိုးရှိကုန်သော ရဟန်းတို့သည် အသင်း အပင်းကို မှီ၍ သံဃာကို မဖျက်ဆီးခြင်းငှါ၊ ဒါယကာကို ချီးမြှောက်ခြင်းငှါ ဤသုံးပါးသော အကျိုးထူးတို့ကို စွဲ၍ မြတ်စွာဘုရားသည် ဒါယကာအိမ်တို့၌ သုံးပါးခံယူနိုင်သော တိကဘောဇဉ်ကို ပညတ်ပါ၏ဟု (လျှောက်၏)။

ငါ့သျှင်အာနန္ဒာ ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် သင်သည် ဣန္ဒြေတို့၌ စောင့်ရှောက်သော တံခါး မရှိကုန်သော၊ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိကုန်သော၊ နိုးကြားခြင်းနှင့် မယှဉ်ကုန်သော ဤအသစ် ဖြစ်ကုန်သော ရဟန်းတို့နှင့်အတူ ဒေသစာရီ လှည့်လည်ဘိသနည်း။ ကောက်ခင်းကို ဖျက်ဆီးသကဲ့သို့ သွားဘိ၏၊ ဒါယကာတို့ကို ဖျက်ဆီးသကဲ့သို့ သွားဘိ၏။ ငါ့သျှင်အာနန္ဒာ သင်၏ ပရိသတ်သည် အထူး ပျက်စီး၏၊ ငါ့သျှင် အများအားဖြင့် ရဟန်းငယ်ဖြစ်ကုန်သော သင်၏ တပည့်တို့သည် ပျက်စီးကုန်စွတကား၊ ဤသူငယ်သည် အတိုင်းအရှည်ကို မသိဟု မိန့်တော်မူ၏။

အသျှင်ဘုရားကဿပ စင်စစ်အားဖြင့် အကျွန်ုပ်၏ ဦးခေါင်း၌ ဆံပင်ဖြူတို့သည် ပေါက်ပါကုန်၏၊ ထိုသို့ဖြစ်ပါလျက်လည်း အကျွန်ုပ်တို့သည် ယခုတိုင်အောင်လည်း အသျှင်မဟာကဿပ၏ ‘သူငယ်’ ဟူသော ခေါ်ဝေါ်ခြင်းမှ မလွတ်ကုန်သေးပါဟု လျှောက်၏။

ငါ့သျှင်အာနန္ဒာ ထို့ကြောင့်ကား သင်သည် ဣန္ဒြေတို့၌ စောင့်ရှောက်သော တံခါးမရှိကုန်သော ဘောဇဉ်၌ အတိုင်းအရှည်ကို မသိကုန်သော နိုးကြားခြင်းနှင့် မယှဉ်ကုန်သော ဤအသစ်ဖြစ်ကုန်သော ရဟန်းတို့နှင့်အတူ ဒေသစာရီ လှည့်လည်ဘိ၏။ ကောက်ခင်းကို ဖျက်ဆီးသကဲ့သို့ သွားဘိ၏၊ ဒါယကာတို့ကို ဖျက်ဆီးသကဲ့သို့ သွားဘိ၏။ ငါ့သျှင်အာနန္ဒာ သင်၏ ပရိသတ်သည် အထူး ပျက်စီး၏၊ အများ အားဖြင့် ရဟန်းငယ်ဖြစ်ကုန်သော သင်၏ တပည့်တို့သည် ပျက်စီးကုန်စွတကား၊ ဤသူငယ်သည် အတိုင်းအရှည်ကို မသိဟု မိန့်တော်မူ၏။

ထုလ္လနန္ဒာဘိက္ခုနီမသည် “ပညာရှိရဟန်းဖြစ်သော အသျှင်အာနန္ဒာကို ‘သူငယ်’ဟု ခေါ်ဝေါ်ခြင်းဖြင့် အသျှင်မဟာကဿပ မောင်းမဲသတတ်”ဟု ကြားသဖြင့် မနှစ်လိုသော စိတ်ရှိသည် ဖြစ်၍ “အသျှင်မဟာ ကဿပသည် အဘယ့်ကြောင့် သာသနာပြင်ပ တိတ္ထိဖြစ်ဖူးသူ ဖြစ်ပါလျက် ပညာရှိရဟန်းဖြစ်သော အသျှင် အာနန္ဒာကို ‘သူငယ်’ ဟူသော ခေါ်ဝေါ်ခြင်းဖြင့် မောင်းမဲအပ်၏ဟု မှတ်ထင်ဘိသနည်း”ဟု မနှစ်လိုသော စကားကို ဆို၏။

အသျှင်မဟာကဿပသည် ထုလ္လနန္ဒာဘိက္ခုနီမ ပြောဆိုသော စကားကို ကြားရကား အသျှင်အာနန္ဒာ အား “ငါ့သျှင်အာနန္ဒာ ထုလ္လနန္ဒာဘိက္ခုနီမသည် မဆင်ခြင် မစဉ်းစားမူ၍ အဆောတလျင် ဆိုဘိ၏၊ ငါ့သျှင် ငါသည် ဆံမုတ်ဆိတ်တို့ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်လျက် လူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်ရဟန်းပြုသော အခါမှ စ၍ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် ထိုးထွင်း၍ သိတော်မူ သော ပူဇော်အထူးကို ခံတော်မူထိုက်သော ထိုမြတ်စွာဘုရားကို ဖယ်ထား၍ တစ်ပါးသော သူကို ‘ဆရာ’ ဟူ၍ ညွှန်ကြားဖူး၏”ဟု မသိစဖူး။ ငါ့သျှင် ရှေးလူဖြစ်စဉ် အခါက ငါ့အား ဤအကြံသည် ဖြစ်ဖူး၏— “အိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းလှ၏၊ ကိလေသာမြူထရာ လမ်းနှင့်တူ၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ အိမ်ရာထောင်သော လူ့ဘောင်၌ နေသော သူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်စနှင့် တူစွာ ကျင့်ရန် မလွယ်ကူ၊ ငါသည် ဆံမုတ်ဆိတ်တို့ကို ပယ်၍ ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်ဖူး၏။ ငါ့သျှင် ထိုငါသည် တစ်ပါးသော အခါ၌ ပုဆိုးဟောင်းတို့ကို ဒုကုဋ် ပြု၍ လောက၌ ရဟန္တာဖြစ်ကုန်သော ပုဂ္ဂိုလ်တို့ကို ရည်စူး၍ ဆံမုတ်ဆိတ်တို့ကို ပယ်ပြီး လျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုခဲ့၏။

ထိုငါသည် ဤသို့ ရဟန်းပြုလျက် ခရီးရှည်သွားသည် ရှိသော် ရာဇဂြိုဟ်ပြည်နှင့် နာဠန္ဒမြို့၏ အကြား ဗဟုပုတ္တစေတီ၌ နေတော်မူသော မြတ်စွာဘုရားကို မြင်၍ ငါ့အား ဤသို့ အကြံ ဖြစ်၏—

“ငါသည် ဆုံးမတတ်သူကို တွေ့မြင်လိုသည် ဖြစ်ခဲ့မူ ဤမြတ်စွာဘုရားကိုသာလျှင် စင်စစ် တွေ့မြင် ရာ၏၊ ငါသည် ကောင်းသော လာခြင်းရှိသူကို တွေ့မြင်လိုသည် ဖြစ်ခဲ့မူ ဤမြတ်စွာဘုရားကိုသာလျှင် စင်စစ် တွေ့မြင်ရာ၏၊ ငါသည် (အလုံးစုံသော တရားကို) ကိုယ်တိုင် သိသူကို တွေ့မြင်လိုသည် ဖြစ်ခဲ့မူ ဤမြတ်စွာဘုရားကိုသာလျှင် စင်စစ် တွေ့မြင်ရာ၏”ဟု အကြံ ဖြစ်၏။ ငါ့သျှင် ထိုငါသည် ထိုအရပ်၌ပင်လျှင် မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခိုက်၍ မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာပါတည်း၊ အကျွန်ုပ်သည်ကား တပည့် ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာပါတည်း၊ အကျွန်ုပ်သည်ကား တပည့် ဖြစ်ပါ၏”ဟု လျှောက်၏။ ငါ့သျှင် ဤသို့ လျှောက်သည်ရှိသော် ငါ့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ “ကဿပ အကြင်သူသည် ဤသို့ အလုံးစုံသော စိတ်နှင့် ပြည့်စုံသော တပည့်ကို မသိပါဘဲလျက်လျှင် ငါ သိ၏ဟူ၍ မမြင်ပါဘဲလျက်လျှင် ငါ မြင်၏ဟူ၍ ဆိုမိငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်ကြွေကျရာ၏၊ ကဿပ ငါဘုရားသည်ကား သိတော်မူသော ကြောင့်သာလျှင် သိ၏၊ မြင်တော်မူသောကြောင့်သာလျှင် မြင်၏”ဟူ၍ ဆို၏။

ကဿပ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် “သီတင်းကြီး သီတင်းငယ် သီတင်းလတ် ပုဂ္ဂိုလ်တို့၌ ငါ့အား ထက်သန်စွာသော ဟိရိသြတ္တပ္ပကို ရှေးရှုထင်သည် ဖြစ်လတ္တံ့”ဟု ဤသို့ ကျင့်ရမည်။

ကဿပ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် ‘ကုသိုလ်နှင့် စပ်သော တရားအားလုံးကို နာအံ့၊ ထိုတရားအားလုံးကို အရိုအသေပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်၍ နားစိုက် လျက် တရားကို နာအံ့”ဟူ၍ ဤသို့ ကျင့်ရမည်။

ကဿပ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် “သုခနှင့် တကွဖြစ်သော ကာယဂတာသတိသည် ငါ့အား မစွန့်လတ္တံ့”ဟု ဤသို့ ကျင့်ရမည်ဟု မိန့်တော်မူ၏။

ငါ့သျှင် ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို ဤအဆုံးအမဖြင့် ဆုံးမပြီး၍ နေရာမှ ထလျက် ကြွတော်မူ၏။ ငါ့သျှင် ငါသည် ခုနစ်ရက်သာလျှင် ကိလေသာနှင့် တကွဖြစ်လျက် ပြည်သူတို့ ဆွမ်းကို စား၏၊ ရှစ်ရက်မြောက်၌ အရဟတ္တဖိုလ်သည် ထင်ရှားဖြစ်၏။ ငါ့သျှင် ထိုအခါ၌ မြတ်စွာဘုရားသည် လမ်းမှ ဖဲခဲ့၍ တစ်ခုသော သစ်ပင်ရင်းသို့ ချဉ်းကပ်၏၊ ငါ့သျှင် ထိုအခါ၌ ငါသည် ပုဆိုးဟောင်းဒုကုဋ်သင်္ကန်းကို လေးခေါက်ခင်း၍ မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည် ဤနေရာ၌ ထိုင်တော်မူပါလော့၊ ယင်းသို့ ထိုင်ခြင်းသည် အကျွန်ုပ်အား ရှည်စွာသော ကာလပတ်လုံး အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏”ဟု လျှောက်၏၊ ငါ့သျှင် မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးသော် ငါ့ကို “ကဿပ သင်၏ ဤပုဆိုးဟောင်းဒုကုဋ်သင်္ကန်းသည် နူးညံ့လှစွာ၏”ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် သနားသမှု အကြောင်းပြု၍ အကျွန်ုပ်၏ ဤပုဆိုးဟောင်းဒုကုဋ်သင်္ကန်းကို အလှူခံ တော်မူပါလော့ဟု (လျှောက်၏)၊ ကဿပ သင်သည် ငါဘုရား၏ ဝတ်ရုံပြီးသော ပိုက်ဆံလျှော်မျှင်ဖြင့် ရက် အပ်သော ပံ့သကူသင်္ကန်းတို့ကို ဆောင်နိုင်အံ့လောဟု မိန့်တော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား ဝတ်ရုံပြီးသော ပိုက်ဆံလျှော်မျှင်ဖြင့် ရက်အပ်သော ပံ့သကူသင်္ကန်းတို့ကို ဆောင်ပါအံ့ဟု လျှောက်၏၊ ငါ့သျှင် ထိုငါသည် ပုဆိုးဟောင်းဒုကုဋ်သင်္ကန်းကို မြတ်စွာဘုရားအား ကပ်လျက် ငါသည်ကား မြတ်စွာဘုရား ဝတ်ရုံပြီးသော ပိုက်ဆံလျှော်မျှင်ဖြင့် ရက်သော ပံ့သကူသင်္ကန်းကို ဆောင်၏။

ငါ့သျှင် အကြင်သူကို ကောင်းစွာ ပြောဆိုလိုသူသည် “မြတ်စွာဘုရား၏ ရင်၌ ဖြစ်၍ ခံတွင်းတော်မှ ဖွားမြင်သော၊ တရားကြောင့် ဖြစ်၍ တရားသည် ဖန်ဆင်းအပ်သော၊ တရားအမွေခံဖြစ်သော သားတော် တည်း၊ မြတ်စွာဘုရား ဝတ်ရုံပြီးသော ပိုက်ဆံလျှော်မျှင်ဖြင့် ရက်အပ်သော ပံ့သကူသင်္ကန်းတို့ကို ခံယူအပ် ကုန်၏”ဟု ပြောဆိုရာ၏။ “မြတ်စွာဘုရား၏ ရင်၌ ဖြစ်၍ ခံတွင်းတော်မှ ဖွားမြင်သော၊ တရားကြောင့် ဖြစ်၍ တရားသည် ဖန်ဆင်းအပ်သော၊ တရားအမွေခံဖြစ်သော သားတော်တည်း၊ ထိုသားတော်သည် မြတ်စွာဘုရား ဝတ်ရုံပြီးသော ပိုက်ဆံလျှော်မျှင်ဖြင့် ရက်အပ်သော ပံ့သကူသင်္ကန်းတို့ကို ခံယူအပ်ကုန်၏”ဟု ကောင်းစွာ ပြောဆိုလိုသူသည် ငါ့ကို ဆိုရာ၏။

ငါ့သျှင် ငါသည် အကြင်မျှလောက် ပဌမဈာန်ကို ဝင်စားရန် အလိုရှိ၏၊ ထိုမျှလောက် ကာမဂုဏ်တို့မှ ကင်းဆိ၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် “ကြံစည်မှု ‘ဝိတက်’ , သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’, ချမ်းသာမှု ‘သုခ’ရှိ သော ပဌမဈာန်ကို ဝင်စားနေ၏။ပ။

[အစဉ်အတိုင်း ဝင်စားအပ်သော သမာပတ်ကိုးပါး ,အဘိညာဉ်ငါးပါးတို့ကို ဤအတိုင်း ချဲ့၍ သိလေ]။

ငါ့သျှင် ငါသည်ကား အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်လျက် နေနိုင်၏။ အကြင်သူသည် ငါ၏ အဘိညာဉ်ခြောက်ပါးကို ဖုံးလွှမ်း အပ်၏ဟု မှတ်ထင်၏၊ ထိုသူသည် ခုနစ်တောင် , ခုနစ်တောင့်ထွာရှိသော ဆင်ကို ထမ်းရွက်ဖြင့် ဖုံးလွှမ်း အပ်၏ဟု (မိန့်ဆို၏)။

ထုလ္လနန္ဒာဘိက္ခုနီမသည် မြတ်သော အကျင့်မှ ရွေ့လျောလေ၏။

ဧကာဒသမသုတ်။