သံယုတ္တနိကာယ်—၁၆

၁၂—ပရံမရဏသုတ်

၁၅၅။ အခါတစ်ပါး၌ အသျှင်မဟာကဿပနှင့် အသျှင်သာရိပုတ္တရာတို့သည် ဗာရာဏသီပြည် ဣသိ ပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ တစ်ပါး တည်း ကိန်းအောင်းရာမှ ထလျက် အသျှင်မဟာကဿပထံသို့ ချဉ်းကပ်၍ အသျှင်မဟာကဿပနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်မဟာကဿပ့အား “ငါ့သျှင်ကဿပ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု လျှောက်၏။ ငါ့သျှင် “သတ္တဝါ သည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍ မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင် “သတ္တဝါသည် သေ သည်မှ နောက်၌ မဖြစ်သလော”။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍ ဤသို့လည်း မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော”။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍ မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍ ဤသို့လည်း မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင် အဘယ့်ကြောင့် ထိုအကြောင်းကို မြတ်စွာဘုရား ဟောတော်မမူပါသနည်းဟု မေးမြန်း၏။ ငါ့သျှင် ဤစကားသည် အကျိုး စီးပွားနှင့် မစပ်၊ မဂ်၏ ရှေ့အဖို့၌ ဖြစ်သော အကျင့်မျှလည်း မဟုတ်၊ ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်ခြင်း ကင်းခြင်းငှါ မဖြစ်၊ ရာဂချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ ထို့ကြောင့် ထိုစကားကို မြတ်စွာဘုရား ဟောကြား တော်မမူ။

ငါ့သျှင် ထိုသို့ မဟောကြားခဲ့သည်ရှိသော် မြတ်စွာဘုရားသည် အဘယ်သို့ ဟောတော်မူပါသနည်း။ ငါ့သျှင် “ဤသည်ကား ဆင်းရဲတည်း”ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ “ဤသည်ကား ဆင်းရဲ၏ ဖြစ် ပေါ်ကြောင်းတည်း”ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ “ဤသည်ကား ဆင်းရဲ ချုပ်ရာတည်း”ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ “ဤသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု ပြောဆို၏။ ငါ့သျှင် အဘယ့်ကြောင့် ဤစကားကို မြတ်စွာဘုရား ဟော ကြားတော်မူအပ်သနည်း။ ငါ့သျှင် ဤတရားသည်ကား အကျိုးစီးပွားနှင့် စပ်၏၊ ဤတရားသည်ကား မဂ်၏ အစဖြစ်သော မြတ်သော အကျင့်လည်း ဖြစ်၏၊ ဤတရားသည် ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ရာဂချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ထိုးထွင်းသိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို မြတ်စွာဘုရား ဟောတော်မူအပ်၏ဟု (ပြောဆို၏)။

ဒွါဒသမသုတ်။