သံယုတ္တနိကာယ်—၁၆

၂—အနောတ္တပ္ပီသုတ်

၁၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်မဟာကဿပသည်လည်းကောင်း၊ အသျှင်သာရိပုတြာသည်လည်းကောင်း ဗာရာဏသီပြည် ဣသိပတန မိဒါဝုန်တော၌ နေကုန်၏။ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် အသျှင်မဟာ ကဿပထံသို့ ချဉ်းကပ်၍ အသျှင်မဟာကဿပနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်မဟာကဿပအား ဤစကားကို ဆို၏၊ “ငါ့သျှင်မဟာကဿပ ပြင်းစွာ အားထုတ်ခြင်း မရှိသူ၊ ကြောက်လန့်ခြင်း မရှိသူသည် သစ္စာလေးပါးကို သိခြင်းငှါ မထိုက်၊ ငြိမ်းအေးခြင်းငှါ မထိုက်၊ ယောဂ၏ ကုန်ရာ အတုမရှိသော အရဟတ္တဖိုလ်ကို ရရှိခြင်းငှါ မထိုက်။ ပြင်းစွာ အားထုတ်သူ ကြောက်လန့်ခြင်း ရှိသူသည်သာ သစ္စာလေးပါးကို သိခြင်းငှါ ထိုက်၏၊ ငြိမ်းအေးခြင်းငှါ ထိုက်၏၊ ယောဂ၏ ကုန်ရာ အတု မရှိသော အရဟတ္တဖိုလ်ကို ရရှိခြင်းငှါ ထိုက်၏”ဟု ဆို၏။

ငါ့သျှင် အဘယ်မျှလောက်ဖြင့် ပြင်းစွာ အားထုတ်ခြင်း မရှိသူ ကြောက်လန့်ခြင်း မရှိသူသည် သစ္စာ လေးပါးကို သိခြင်းငှါ မထိုက်သနည်း၊ ငြိမ်းအေးခြင်းငှါ မထိုက်သနည်း၊ ယောဂ၏ ကုန်ရာ အတုမရှိသော အရဟတ္တဖိုလ်ကို ရရှိခြင်းငှါ မထိုက်သနည်း။

ငါ့သျှင် အဘယ်မျှလောက်ဖြင့် ပြင်းစွာ အားထုတ်သူ ကြောက်လန့်ခြင်း ရှိသူသည် သစ္စာလေးပါးကို သိခြင်းငှါ ထိုက်သနည်း၊ ငြိမ်းအေးခြင်းငှါ ထိုက်သနည်း၊ ယောဂ၏ ကုန်ရာ အတုမရှိသော အရဟတ္တဖိုလ် ကို ရရှိခြင်းငှါ ထိုက်သနည်း။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် “ငါ့အား မဖြစ်ကုန်သေးသော ယုတ်ညံ့သော အကုသိုလ် တရားတို့ ဖြစ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ပြင်းစွာ အားထုတ်ခြင်းကို မပြု၊ “ငါ့အား ဖြစ်ပြီးကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပယ်အပ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်း ငှါ ဖြစ်ကုန်ရာ၏”ဟု ပြင်းစွာ အားထုတ်ခြင်းကို မပြု၊ “ငါ့အား မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ မဖြစ်ခဲ့ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ပြင်းစွာ အားထုတ်ခြင်းကို မပြု၊ “ငါ့အား ဖြစ် ပြီးကုန်သော ကုသိုလ်တရားတို့ ချုပ်ပျောက်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ပြင်းစွာ အားထုတ်ခြင်းကို မပြု။ ငါ့သျှင် ဤသို့လျှင် ပြင်းစွာ အားထုတ်ခြင်း မရှိသူ ဖြစ်၏။

ငါ့သျှင် အဘယ်သို့လျှင် ကြောက်လန့်ခြင်း မရှိသူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်း သည် “ငါ့အား မဖြစ်ကုန်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ ဖြစ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု မကြောက်လန့်၊ “ငါ့အား ဖြစ်ပြီးကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပယ်အပ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု မကြောက်လန့်၊ “ငါ့အား မဖြစ် ကုန်သေးသော ကုသိုလ်တရားတို့ မဖြစ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု မကြောက် လန့်၊ “ငါ့အား ဖြစ်ပြီးကုန်သော ကုသိုလ်တရားတို့ ချုပ်ပျောက်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ့်ကုန်ရာ၏”ဟု မကြောက်လန့်။ ငါ့သျှင် ဤသို့လျှင် ကြောက်လန့်ခြင်း မရှိသူ ဖြစ်၏။ ငါ့သျှင် ဤသို့လျှင် ပြင်းစွာ အားထုတ်ခြင်း မရှိသူ ကြောက်လန့်ခြင်း မရှိသော သူသည် သစ္စာလေးပါးကို သိခြင်းငှါ မထိုက်၊ ငြိမ်းအေးခြင်းငှါ မထိုက်၊ ယောဂ၏ ကုန်ရာ အတုမရှိသော အရဟတ္တဖိုလ်ကို ရရှိခြင်းငှါ မထိုက်။

ငါ့သျှင် အဘယ်သို့လျှင် ပြင်းစွာ အားထုတ်ခြင်းရှိသူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် “ငါ့အား မဖြစ်ကုန်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ ဖြစ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ပြင်းစွာ အားထုတ်ခြင်းကို ပြု၏၊ “ငါ့အား ဖြစ်ပြီးကုန်သော ယုတ်ညံ့ သော အကုသိုလ်တရားတို့ကို မပယ်အပ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ပြင်းစွာ အားထုတ်ခြင်းကို ပြု၏၊ “ငါ့အား မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့သည်။ပ။ ပြင်းစွာ အားထုတ်ခြင်းကို ပြု၏။ ငါ့သျှင် ဤသို့လျှင် ပြင်းစွာ အားထုတ်ခြင်းရှိသူ ဖြစ်၏။

ငါ့သျှင် အဘယ်သို့လျှင် ကြောက်လန့်ခြင်းရှိသူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်း သည် “ငါ့အား မဖြစ်ကုန်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ ဖြစ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ကြောက်လန့်၏၊ “ငါ့အား ဖြစ်ပြီးကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပယ်အပ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ကြောက်လန့်၏၊ “ငါ့အား မဖြစ် ကုန်သေးသော ကုသိုလ်တရားတို့ မဖြစ်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏”ဟု ကြောက်လန့်၏၊ “ငါ့အား ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ ချုပ်ပျောက်ကုန်သည်ရှိသော် အကျိုးမဲ့ခြင်းငှါ ဖြစ်ကုန် ရာ၏”ဟု ကြောက်လန့်၏။ ငါ့သျှင် ဤသို့လျှင် ကြောက်လန့်ခြင်းရှိသူ ဖြစ်၏။ ငါ့သျှင် ဤသို့လျှင် ပြင်းစွာ အားထုတ်ခြင်းရှိသူ ကြောက်လန့်ခြင်းရှိသူသည် သစ္စာလေးပါးကို သိခြင်းငှါ ထိုက်၏၊ ငြိမ်းအေးခြင်းငှါ ထိုက်၏၊ ယောဂ၏ကုန်ရာ အတုမရှိသော အရဟတ္တဖိုလ်ကို ရခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။