သံယုတ္တနိကာယ်—၁၆

၃—စန္ဒူပမသုတ်

၁၄၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ လနှင့်တူစွာ ကိုယ်စိတ်ကို ထိန်းချုပ် ၍သာလျှင် အချင်းခပ်သိမ်း ဧည့်သည်ပမာ ဖြစ်ကုန်လျက် ဒါယကာတို့၌ (ကိုယ် နှုတ် စိတ်တို့ဖြင့်) ကြမ်း ကြုတ်မှု မရှိကုန်ဘဲ ဒါယကာတို့သို့ ချဉ်းကပ်ကြကုန်လော့။ ရဟန်းတို့ ဥပမာသော်ကား “ယောကျာ်း သည် ရေတွင်းဟောင်းကိုလည်းကောင်း၊ မညီညွတ်သော တောင်ကိုလည်းကောင်း၊ မြစ်ကမ်းပါးပြတ်ကိုလည်းကောင်း ကြည့်သည်ရှိသော် ကိုယ်စိတ်ကို ထိန်းချုပ်၍သာလျှင် ကြည့်ရာသကဲ့သို့” ရဟန်းတို့ ဤ ဥပမာအတူ လနှင့်တူစွာ ကိုယ်စိတ်ကို ထိန်းချုပ်၍သာလျှင် အချင်းခပ်သိမ်း ဧည့်သည်ပမာ ဖြစ်ကုန်လျက် (ကိုယ် နှုတ် စိတ်တို့ဖြင့်) ကြမ်းကြုတ်မှု မရှိကုန်ဘဲ ဒါယကာတို့ကို ချဉ်းကပ်ကြကုန်လော့။

ရဟန်းတို့ ကဿပသည် လနှင့်တူစွာ ကိုယ်စိတ်ကို ထိန်းချုပ်၍သာလျှင် အချင်းခပ်သိမ်း ဧည့်သည် ပမာဖြစ်၍ ဒါယကာတို့၌ (ကိုယ် နှုတ် စိတ်တို့ဖြင့်) ကြမ်းကြုတ်မှု မရှိဘဲ ဒါယကာတို့သို့ ချဉ်းကပ်၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ အဘယ်သို့ သဘောရှိသော ရဟန်းသည် ဒါယကာတို့သို့ ချဉ်းကပ်ခြင်းငှါ ထိုက်သနည်းဟု မိန့်တော်မူ၏။ မြတ်စွာဘုရား တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အရင်းမူလ ရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် မှီရာ ရှိပါကုန်၏။ မြတ်စွာဘုရား တောင်းပန်ပါ၏၊ ဟောတော်မူအပ်သော ဤတရား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်၌သာလျှင် ထင်ပါစေလော့၊ မြတ်စွာဘုရား၏ (စကားတော်ကို) ကြား နာရ၍ ရဟန်းတို့သည် ဆောင်ထားရကုန်လတ္တံ့ဟု (လျှောက်ကြကုန်၏)။

ထိုအခါ မြတ်စွာဘုရားသည် ကောင်းကင်၌ လက်ကို ဝှေ့ယမ်းတော်မူ၏၊ ရဟန်းတို့ “ဝှေ့ယမ်းအပ် သော ဤလက်သည် ကောင်းကင်၌ မငြိကပ်မစွဲလမ်း မဖွဲ့ယှက်သကဲ့သို့” ဤအတူသာလျှင် ဒါယကာတို့သို့ ချဉ်းကပ်သော တစ်စုံတစ်ယောက်သော ရဟန်း၏ စိတ်သည် “လာဘ်ကို အလိုရှိသော သူတို့သည် လာဘ်ရစေကုန်သတည်း၊ ကောင်းမှုကို အလိုရှိသော သူတို့သည် ကောင်းမှုကို ပြုစေကုန်သတည်း”ဟု ဒါယကာတို့၌ မငြိကပ်မစွဲလမ်း မဖွဲ့ယှက်ဘဲ “မိမိ လာဘ်ရခြင်းဖြင့် ဝမ်းမြောက်နှစ်သက်သော စိတ်ရှိ သကဲ့သို့” ဤအတူ သူတစ်ပါးတို့ လာဘ်ရခြင်းဖြင့် ဝမ်းမြောက် နှစ်သက်သော စိတ်ရှိ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းသည် ဒါယကာတို့သို့ ချဉ်းကပ်ခြင်းငှါ ထိုက်၏။

ရဟန်းတို့ ဒါယကာတို့သို့ ချဉ်းကပ်သော ကဿပ၏ စိတ်သည် “လာဘ်ကို အလိုရှိကုန်သော သူတို့သည် လာဘ်ရစေကုန်သတည်း၊ ကောင်းမှုကို အလိုရှိကုန်သော သူတို့သည် ကောင်းမှုကို ပြုစေကုန် သတည်း”ဟု ဒါယကာတို့၌ မငြိကပ်မစွဲလမ်း မဖွဲ့ယှက်ဘဲ မိမိလာဘ်ရခြင်းဖြင့် ဝမ်းမြောက်နှစ်သက်သော စိတ်ရှိသကဲ့သို့ ဤအတူ သူတစ်ပါးတို့၏ လာဘ်ရခြင်းဖြင့် ဝမ်းမြောက်နှစ်သက်သော စိတ်ရှိ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ အဘယ်သို့ သဘောရှိသော ရဟန်း၏ တရားဟောခြင်းသည် မစင်ကြယ်သနည်း၊ အဘယ်သို့ သဘောရှိသော ရဟန်း၏ တရားဟောခြင်းသည် စင်ကြယ်သနည်းဟု မိန့်တော်မူ၏။ မြတ်စွာဘုရား တရားတို့သည် မြတ်စွာဘုရားသာလျှင် အရင်းမူလ ရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားသာလျှင် မှီရာ ရှိပါကုန်၏။ မြတ်စွာဘုရား တောင်းပန်ပါ၏၊ ဟောတော်မူအပ်သော ဤတရား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ် ၌သာလျှင် ထင်ပါစေလော့၊ မြတ်စွာဘုရား၏ (စကားတော်ကို) ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားရ ကုန်လတ္တံ့ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန် လော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား အား ပြန်လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ မည်သည့် ရဟန်းမဆို “ငါ၏ တရားကို နာကြားကြကုန်မူ နာကြားပြီး၍လည်း ကြည် ညိုကြကုန်မူ ကြည်ညိုကုန်သည် ဖြစ်၍ ငါ့အား ကြည်ညိုသော အခြင်းအရာကို ပြုကြကုန်မူ ကောင်းပေစွ”ဟု ဤသို့ စိတ်ရှိသည် ဖြစ်၍ သူတစ်ပါးတို့အား တရားဟော၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ရဟန်း၏ တရားဟောခြင်းသည် မစင်ကြယ်။

မည်သည့် ရဟန်းမဆို “မြတ်စွာဘုရား ဟောကြားသော တရားတော်သည် ‘ကောင်းစွာ ဟောထား သော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေး တတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိမြင်နိုင်သော တရားတော်ပါပေတည်း’ဟု နှလုံးသွင်း၍ ငါ၏ တရားကို နာကြားကြကုန်မူ နာ ကြားပြီး၍လည်း တရားကို သိကြပါကုန်မူ သိပြီး၍ အရဟတ္တဖိုလ်ဟူသော အကျိုးငှါ ကျင့်ကြပါကုန်မူ ကောင်းလေစွ”ဟု ဤသို့ စိတ်ရှိသည် ဖြစ်၍ သူတစ်ပါးတို့အား တရားဟော၏။ ဤသို့ တရား၏ ကောင်းသော တရား၏ အဖြစ်ကို စွဲ၍ သူတစ်ပါးတို့အား တရားဟော၏၊ သနားကြင်နာခြင်းကို စွဲ၍ အစဉ်စောင့်ရှောက်ခြင်းကို အကြောင်းပြု၍ သူတစ်ပါးတို့အား တရားဟော၏။ ရဟန်းတို့ ဤသို့ သဘော ရှိသော ရဟန်း၏ တရားဟောခြင်းသည် စင်ကြယ်၏။

ရဟန်းတို့ ကဿပသည် “မြတ်စွာဘုရား ဟောကြားသော တရားတော်သည် ‘ကောင်းစွာ ဟော ထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော် ပါပေတည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိမြင်နိုင်သော တရားတော်ပါပေတည်း’ဟု နှလုံးသွင်း၍ ငါ ဟောသော တရားကို ကြားနာကြကုန်မူ နာကြားပြီး၍လည်း တရားကို သိကြပါကုန်မူ သိပြီး၍လည်း အရဟတ္တဖိုလ်ဟူသော အကျိုးငှါ ကျင့်ကြပါကုန်မူ ကောင်းလေစွ”ဟု ဤသို့ စိတ်ရှိသည်ဖြစ်၍ သူတစ်ပါးတို့အား တရားဟော၏။ တရားတော်၏ ကောင်းသော တရားအဖြစ်ကို စွဲ၍ သူတစ်ပါးတို့အား တရားဟော၏၊ သနားကြင်နာခြင်းကို စွဲ၍ အစဉ်စောင့်ရှောက်ခြင်းကို အကြောင်းပြု၍ သူတစ်ပါးတို့အား တရားဟော၏။ ရဟန်းတို့ သင်တို့ အား ကဿပကိုသော်လည်းကောင်း၊ ကဿပနှင့် တူသော မထေရ်ကိုသော်လည်းကောင်း (ဥပမာထား၍) ငါဘုရား ဆုံးမအံ့။ ဆုံးမအပ်ကုန်သော သင်တို့သည် မချွတ်မယွင်း ဖြစ်ခြင်းငှါ ကျင့်အပ်၏ဟု (ဟောတော်မူ၏)။

တတိယသုတ်။