သံယုတ္တနိကာယ်—၁၆

၅—ဇိဏ္ဏသုတ်

၁၄၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာကဿပသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်မဟာ ကဿပအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “ကဿပ သင်သည် ယခုအခါ၌ အိုမင်းပြီ၊ သင်၏ ပိုက်ဆံလျှော်မျှင်ဖြင့် ရက်အပ်သော ဝတ်ရုံပြီးသော ဤပံ့သုကူသင်္ကန်းတို့သည် လေးလံလှကုန်၏၊ ကဿပ ထို့ကြောင့် သင်သည် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းတို့ကိုလည်း ဆောင်လော့၊ ဖိတ်အပ် သော ဆွမ်းတို့ကိုလည်း သုံးဆောင်လော့၊ ငါဘုရား၏ အထံ၌လည်း နေလော့”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည်ကား ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး အာရညကင်ဓုတင်ကို ဆောက် တည်ခဲ့ပါ၏၊ အာရညကင်ဓုတင်ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါ၏။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ခဲ့ပါ၏၊ ပိဏ္ဍပါတ်ဓုတင်ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါ၏။ တိစီဝရိက်ဓုတင်ကို ဆောက်တည်ခဲ့ပါ၏၊ တိစီဝရိက်ဓုတင်ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါ၏။ အလိုနည်းခဲ့ပါ၏၊ အလိုနည်းခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါ၏။ ရောင့်ရဲခဲ့ပါ၏၊ ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ ပါ၏။ ဆိတ်ငြိမ်ရာ၌ နေခဲ့ပါ၏၊ ဆိတ်ငြိမ်ရာ၌ နေခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါ၏။ လူတို့နှင့် မရော နှောခဲ့ပါ၊ လူတို့နှင့် မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါ၏။ ထက်သန်သော လုံ့လရှိခဲ့ပါ၏၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါ၏ဟု (လျှောက်၏)။

ကဿပ သင်သည် အဘယ်အကျိုးထူးကို ကောင်းစွာ မြင်သည် ဖြစ်၍ ရှည်မြင့်စွာသော နေ့ညဉ့်တို့ပတ်လုံး အာရညကင်ဓုတင်ကို ဆောက်တည်ခဲ့သနည်း၊ အာရညကင်ဓုတင်ဆောက်တည်ခြင်း၏ ဂုဏ်ကို့လည်း ပြောဆိုခဲ့သနည်း။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ခဲ့သနည်း။ပ။ ပံ့သုကူဓုတင်ကို ဆောက်တည်ခဲ့ သနည်း။ တိစီဝရိက်ဓုတင်ကို ဆောက်တည်ခဲ့သနည်း။ အလိုနည်းခဲ့သနည်း။ ရောင့်ရဲခဲ့သနည်း။ ဆိတ်ငြိမ် ရာ၌ နေခဲ့သနည်း။ လူတို့နှင့် မရောနှောခဲ့သနည်း။ ထက်သန်သော လုံ့လရှိခဲ့သနည်း၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကို ပြောဆိုခဲ့သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် နှစ်ပါးကုန်သော အကျိုးထူးတို့ကို ကောင်းစွာ မြင်သည် ဖြစ်၍ ရှည် မြင့်စွာသော နေ့ညဉ့်တို့ပတ်လုံး အာရညကင်ဓုတင်ကို ဆောက်တည်ခဲ့ပါသည်၊ အာရညကင်ဓုတင်ဆောက် တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါသည်။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ခဲ့ပါသည်။ပ။ ပံ့သုကူဓုတင် ကို ဆောက်တည်ခဲ့ပါသည်။ တိစီဝရိက်ဓုတင်ကို ဆောက်တည်ခဲ့ပါသည်။ အလိုနည်းခဲ့ပါသည်။ ရောင့်ရဲခဲ့ ပါသည်။ ဆိတ်ငြိမ်ရာ၌ နေခဲ့ပါသည်။ လူတို့နှင့် မရောနှောခဲ့ပါ။ ထက်သန်သော လုံ့လရှိခဲ့ပါသည်၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကို ပြောဆိုခဲ့ပါသည်။ မိမိ၏ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေရခြင်းကို ကောင်းစွာ မြင်သည်ဖြစ်၍လည်းကောင်း၊ “ဘုရားတပည့် အဆက်ဆက်ဖြစ်ကုန် သော ထိုရဟန်းတို့သည် ‘ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး အာရညကင်ဓုတင်ကို ဆောက်တည်ကုန် သတတ်၊ အာရညကင်ဓုတင်ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်သတတ်။ပ။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ကုန်သတတ်။ပ။ ပံ့သုကူဓုတင်ကို ဆောက်တည်ကုန်သတတ်။ တိစီဝရိက်ဓုတင်ကို ဆောက် တည်ကုန်သတတ်။ အလိုနည်းကုန်သတတ်။ ရောင့်ရဲကုန်သတတ်။ ဆိတ်ငြိမ်ရာ၌ နေကုန်သတတ်။ လူတို့ နှင့် မရောနှောကုန်သတတ်။ ထက်သန်သော လုံ့လရှိကုန်သတတ်၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကို ပြောဆိုကုန်သတတ်’ဟု မြင်အပ်သည်ကို အစဉ်လိုက်ခြင်း ‘ဒိဋ္ဌာနုဂတိ’သို့ နောင်လာနောက်သား လူအများတို့ ရောက်ကုန်ငြားအံ့လည်း မသိ၊ ထိုသူတို့သည် မချွတ်မယွင်း ဖြစ်ခြင်းငှါ ကျင့်ကြကုန်လတ္တံ့၊ ထိုသူတို့အား ထိုအကျင့်သည် ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့”ဟု နောင်လာ နောက်သား လူအများကို သနားသည်ဖြစ်၍လည်းကောင်း အသျှင်ဘုရား အကျွန်ုပ်သည် စင်စစ်အားဖြင့် ဤနှစ်ပါးသော အကျိုးထူးတို့ကို ကောင်းစွာ မြင်သည်ဖြစ်၍ ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး အာရညကင် ဓုတင်ကို ဆောက်တည်ခဲ့ပါသည်၊ အာရညကင်ဓုတင်ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ပါသည်။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ခဲ့ပါသည်။ပ။ ပံ့သုကူဓုတင်ကို ဆောက်တည်ခဲ့ပါသည်။ တိစီဝရိက်ဓုတင်ကို ဆောက်တည်ခဲ့ပါသည်။ အလိုနည်းခဲ့ပါသည်။ ရောင့်ရဲခဲ့ပါသည်။ ဆိတ်ငြိမ်ရာ၌ နေခဲ့ပါသည်။ လူတို့နှင့် မရောနှောခဲ့ပါ။ ထက်သန်သော လုံ့လရှိခဲ့ပါသည်၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုခဲ့ ပါသည်ဟု လျှောက်၏။

ကဿပ ကောင်းပေစွ ကောင်းပေစွ၊ ကဿပ သင်သည် များစွာသော သူတို့၏ စီးပွားခြင်းငှါ များစွာသော သူတို့၏ ချမ်းသာခြင်းငှါ လောကကို အစဉ်စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်ပေ၏။ ကဿပ ထို့ကြောင့် သင်သည် ပိုက်ဆံလျော်မျှင်ဖြင့် ရက်အပ် သော ဝတ်ရုံပြီးသော ပံ့သုကူသင်္ကန်းတို့ကိုလည်း ဆောင်လော့၊ ဆွမ်းအလို့ငှါလည်း လှည့်လည်လော့၊ တော၌လည်း နေလော့ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။