သံယုတ္တနိကာယ်—၁၆

၆—သြဝါဒသုတ်

၁၄၉။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာကဿပ သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်မဟာကဿပအား မြတ်စွာဘုရားသည့်ဤစကားကို မိန့်တော်မူ၏— “ကဿပ ရဟန်းတို့ကို ဆုံးမလော့၊ ကဿပ ရဟန်းတို့အား တရားစကား ပြောဟောခြင်းကို ပြုလော့။ ကဿပ ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ရဟန်းတို့ကို ဆုံးမ ရာ၏။ ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ရဟန်းတို့အား တရားစကား ဟောပြောခြင်းကို ပြုရာ၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ယခုအခါ၌ ရဟန်းတို့သည် ဆုံးမခက်ပါကုန်၏၊ ဆုံးမခက်ခြင်းကို ပြုတတ်သော (အကုသိုလ်) တရားတို့နှင့် ပြည့်စုံပါကုန်၏၊ သည်းမခံကြပါကုန်၊ ဆုံးမသည်ကို ရိုသေစွာ မနာယူကြပါကုန်။ အသျှင်ဘုရား အာနန္ဒာ၏ အတူနေတပည့် ဘဏ္ဍရဟန်းနှင့် အနုရုဒ္ဓါ၏ အတူနေတပည့် အဘိဇိကရဟန်းတို့သည် “ရဟန်း လာလော့၊ အဘယ်သူသည် အလွန်များစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန်ကောင်းစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန်ကြာမြင့်စွာ ဟောနိုင်မည်နည်း”ဟု အကြား အမြင် ‘သုတ’ဖြင့် အချင်းချင်း အလွန် ငြင်းခုံကြသည်ကို အကျွန်ုပ် မြင်ရပါ၏ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်တော်မူ၍ “ရဟန်း လာလော့၊ ငါ၏ စကားဖြင့် အာနန္ဒာ၏ အတူနေတပည့် ဘဏ္ဍရဟန်းနှင့် အနုရုဒ္ဓါ၏ အတူနေတပည့် အဘိဇိကရဟန်းတို့ကို ‘အသျှင်တို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏’ဟု ခေါ်ချေလော့”ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ” ဟူ၍ ထိုရဟန်းသည် မြတ်စွာဘုရား၏ (စကားတော်ကို) ဝန်ခံ၍ ထိုရဟန်းတို့သို့ ချဉ်းကပ်ပြီးလျှင် ထို ရဟန်းတို့ကို “အသျှင်တို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဤစကားကို ဆို၏။

“ငါ့ရှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် ထိုခေါ်လာသော ရဟန်း၏ (စကားကို) ဝန်ခံကြ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏— “ရဟန်းတို့ သင်တို့သည် ‘ရဟန်း လာလော့၊ အဘယ်သူသည် အလွန်များစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန် ကောင်းစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန် ကြာ မြင့်စွာ ဟောနိုင်မည်နည်း’ဟု အကြားအမြင် ‘သုတ’ဖြင့် အချင်းချင်း အလွန် ငြင်းခုံကြ၏ဟူသည် မှန်သ လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား မှန်ပါ၏ဟု လျှောက်ကုန်၏။ ရဟန်းတို့ လာကြကုန်လော့၊ “ရဟန်းတို့ သင်တို့သည် ‘ရဟန်း လာလော့၊ အဘယ်သူသည် အလွန် များစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန် ကောင်းစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန် ကြာမြင့်စွာ ဟောနိုင် မည်နည်း’ဟု အကြားအမြင် ‘သုတ’ဖြင့် အလွန် ငြင်းခုံကြလော့”ဟု တရားဟောအပ်သည်ကို သင်တို့ သိဖူး ကုန်သလောဟု မေးတော်မူ၏။ အသျှင်ဘုရား ဤသို့ မသိဖူးပါကုန်ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ သင်တို့သည် ငါဘုရား၏ ဤသို့ ဟောအပ်သော တရားကို အကယ်၍ မသိကုန်ငြားအံ့၊ ထိုသို့ ဖြစ်သည် ရှိသော် မဂ်ဖိုလ်မှ အချည်းနှီးယောကျာ်းဖြစ်ကုန်သော သင်တို့သည် အသို့လျှင် အဘယ်ကို သိသောကြောင့် အဘယ်ကို မြင်သောကြောင့် ဤသို့ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းပြုပါ ကုန်လျက် “ရဟန်း လာလော့၊ အဘယ်သူသည် အလွန် များစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန် ကောင်းစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန် ကြာမြင့်စွာ ဟောနိုင်မည်နည်း”ဟု အကြားအမြင် ‘သုတ’ဖြင့် အချင်းချင်း အလွန် ငြင်းခုံကြသနည်းဟု မိန့်တော်မူ၏။

ထိုအခါ၌ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခိုက်ကြကုန်၍ မြတ်စွာဘုရားအား— “အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်တို့အား လွှမ်းမိုးနေပါကုန်၏၊ အကျွန်ုပ်တို့သည် ဤသို့ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းပြုပါကုန်လျက် ‘ရဟန်း လာလော့၊ အဘယ်သူသည် အလွန် များစွာ ဟောနိုင် မည်နည်း၊ အဘယ်သူသည် အလွန် ကောင်းစွာ ဟောနိုင်မည်နည်း၊့အဘယ်သူသည် အလွန် ကြာမြင့်စွာ ဟောနိုင်မည်နည်း’ဟု အကြားအမြင် ‘သုတ’ဖြင့် အချင်းချင်း အလွန် ငြင်းခုံမိပါကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ထိုအကျွန်ုပ်တို့၏ အပြစ်ကို အပြစ်အလျောက် နောင်အခါ၌ စောင့်ရှောက်ခြင်းငှါ သည်းခံတော်မူပါလော့”ဟု လျှောက်ကြကုန်၏။

ရဟန်းတို့ သင်တို့သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် စင်စစ်အားဖြင့် အပြစ်သည် လွှမ်းမိုးနေကုန်၏၊ သင်တို့သည် ဤသို့ ကောင်းစွာ ဟောအပ်သော ဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းပြုကြကုန်လျက် “ရဟန်း လာလော့၊ အဘယ်သူသည် အလွန်များစွာ ဟောနိုင် မည်နည်း၊ အဘယ်သူသည် အလွန် ကောင်းစွာ ဟောနိုင်မည်နည်း၊ အဘယ်သူသည် အလွန် ကြာမြင့်စွာ ဟောမည်နည်း”ဟု အကြားအမြင် ‘သုတ’ဖြင့် အချင်းချင်း ငြင်းခုံကြကုန်၏။ ရဟန်းတို့ အကြင်အခါ၌ကား သင်တို့သည် အပြစ်အလျောက် မြင်ကြ၍ တရားအားလျော်စွာ ကုစားကုန်၏၊ ထိုအခါ သင်တို့၏ ထို အပြစ်ကို ငါတို့ လက်ခံကုန်၏။ ရဟန်းတို့ အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်ကုန်၍ အပြစ်အားလျော်စွာ ကုစား၏၊ နောင်အခါ၌လည်း စောင့်စည်း၏၊ ထိုသူ၏ ထိုကုစားခြင်း စောင့်စည်းခြင်းသည် အရိယာတို့၏ ဝိနည်းကျင့်ဝတ်၌ ကြီးပွားကြောင်းတည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။