သံယုတ္တနိကာယ်—၁၆
၇—ဒုတိယ သြဝါဒသုတ်
၁၅ဝ။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာကဿပ သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ပ။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်မဟာကဿပအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “ကဿပ ရဟန်းတို့ကို ဆုံးမလော့၊ ကဿပ ရဟန်းတို့အား တရားစကား ပြောဟောခြင်းကို ပြုလော့။ ကဿပ ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ရဟန်းတို့ကို ဆုံးမရာ၏။ ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ရဟန်းတို့အား တရား စကား ပြောဟောခြင်းကို ပြုရာ၏”ဟု မိန့်တော်မူ၏။
အသျှင်ဘုရား ယခုအခါ၌ ရဟန်းတို့သည် ဆုံးမခက်ပါကုန်၏၊ ဆုံးမခက်ခြင်းကို ပြုတတ်သော အကုသိုလ်တရားတို့နှင့် ပြည့်စုံပါကုန်၏၊ သည်းမခံကြပါကုန်၊ အဆုံးအမကို ရိုသေစွာ မနာယူကြပါကုန်၊ အသျှင်ဘုရား မည်သည့် ရဟန်းအားမဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်း မရှိ၊ ကုသိုလ်တရားတို့၌ ရှက်ခြင်း မရှိ၊ ကုသိုလ်တရားတို့၌ ကြောက်ခြင်း မရှိ၊ ကုသိုလ်တရားတို့၌ လုံ့လ မရှိ၊ ကုသိုလ်တရားတို့၌ ပညာ မရှိ၊ ထိုရဟန်းအား ရောက်လာသမျှ ညဉ့်တိုင်းနေ့တိုင်း ကုသိုလ်တရားတို့၌ ဆုတ်ယုတ်ခြင်း ကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ကြီးပွားခြင်းကို မမျှော်လင့်အပ်။
အသျှင်ဘုရား လဆုတ်ပက္ခ၌ ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း လအား အဆင်း၊ အဝန်း အဝိုင်း၊ အရောင်အဝါ၊ လုံးရပ်သဏ္ဌာန်အားဖြင့် ဆုတ်ယုတ်သကဲ့သို့ အသျှင်ဘုရား ဤအတူသာလျှင် မည် သည့် ရဟန်းအားမဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်း မရှိ၊ ရှက်ခြင်း မရှိ၊ ကြောက်လန့်ခြင်း မရှိ၊ လုံ့လ မရှိ၊ ကုသိုလ်တရားတို့၌ ပညာ မရှိ၊ ထိုရဟန်းအား ရောက်လာသမျှ ညဉ့်တိုင်းနေ့တိုင်း ကုသိုလ် တရားတို့၌ ဆုတ်ယုတ်ခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ကြီးပွားခြင်းကို မမျှော် လင့်အပ်။ အသျှင်ဘုရား “သဒ္ဓါတရား မရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “အရှက် မရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကား သည် ဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ကြောက်လန့်ခြင်း မရှိသော ယောကျာ်း ပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ပျင်းရိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ပညာမဲ့သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “အမျက်ထွက်တတ်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြ သော စကားပါတည်း၊ အသျှင်ဘုရား “ရန်ငြိုးဖွဲ့တတ်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ဆုံးမသူမရှိသော ရဟန်းတို့”ဟူသော ဤ စကားသည် ဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း။
အသျှင်ဘုရား မည်သည့် ရဟန်းအားမဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်းရှိ၏၊ ရှက်ခြင်းရှိ၏၊ ကြောက်လန့်ခြင်းရှိ၏၊ လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ ပညာရှိ၏၊ ထိုရဟန်းတို့အား ရောက်လာသမျှ သော ညဉ့်တိုင်းနေ့တိုင်း ကုသိုလ်တရားတို့၌ ကြီးပွားခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့် အပ်၏၊ ဆုတ်ယုတ်ခြင်းကို မမျှော်လင့်အပ်။
အသျှင်ဘုရား လဆန်းပက္ခ၌ ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း လအား အဆင်း၊ အဝန်း အဝိုင်း၊ အရောင်အဝါ၊ လုံးရပ်သဏ္ဌာန်အားဖြင့် တိုးပွားသကဲ့သို့ အသျှင်ဘုရား မည်သည့် ရဟန်းအားမဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်းရှိ၏၊ ရှက်ခြင်းရှိ၏။ပ။ ကြောက်လန့်ခြင်းရှိ၏၊ လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ ပညာရှိ၏၊ ထိုရဟန်းအား ရောက်လာသမျှ ညဉ့်တိုင်းနေ့တိုင်း ကုသိုလ်တရားတို့၌ ကြီးပွားခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ခြင်းကို မမျှော်လင့်အပ်။
အသျှင်ဘုရား “သဒ္ဓါတရားရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ရှက်ခြင်းရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ကြောက်လန့်ခြင်းရှိသော ယောကျာ်းပုဂ္ဂိုလ်” ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ထက်သန်သော လုံ့လရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ပညာရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “အမျက်မထွက်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ် ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ရန်ငြိုးမဖွဲ့တတ်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်း၊ အသျှင်ဘုရား “ဆုံးမသူရှိသော ရဟန်းတို့” ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားပါတည်းဟု (လျှောက်၏)။
ကဿပ ကောင်းပေစွ ကောင်းပေစွ၊ မည်သည့် ရဟန်းအားမဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်း မရှိ၊ ရှက်ခြင်း မရှိ။ပ။ ကြောက်လန့်ခြင်း မရှိ၊ လုံ့လ မရှိ၊ ကုသိုလ်တရားတို့၌ ပညာ မရှိ၊ ထိုရဟန်း အား ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း ကုသိုလ်တရားတို့၌ ဆုတ်ယုတ်ခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ကြီးပွားခြင်းကို မမျှော်လင့်အပ်။
ကဿပ လဆုတ်ပက္ခ၌ ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း လအား အဆင်း။ပ။ လုံးရပ် သဏ္ဌာန်အားဖြင့် ဆုတ်ယုတ်သည်သာလျှင် ဖြစ်သကဲ့သို့ ကဿပ ဤအတူသာလျှင် မည်သည့် ရဟန်းအား မဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်း မရှိ။ပ။ ရှက်ခြင်း မရှိ၊ ကြောက်လန့်ခြင်း မရှိ၊ လုံ့လ မရှိ၊ ကုသိုလ်တရားတို့၌ ပညာ မရှိ၊ ထိုရဟန်းအား ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း ကုသိုလ်တရားတို့၌ ဆုတ်ယုတ်ခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ကြီးပွားခြင်းကို မမျှော်လင့်အပ်။
ကဿပ “သဒ္ဓါတရားမရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြ သော စကားတည်း၊ “ရှက်ခြင်းမရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည်။ပ။ “ကြောက်လန့်ခြင်း မရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည်။ “ပျင်းရိခြင်းရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည်။ “ပညာမရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည်။ “အမျက်ထွက်ခြင်းရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည်။ “ရန်ငြိုးဖွဲ့တတ်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကား သည် ဆုတ်ယုတ်ခြင်းကို ပြသော စကားတည်း။ ကဿပ “ဆုံးမတတ်သူ မရှိသော ရဟန်းတို့”ဟူသော ဤစကားသည် ဆုတ်ယုတ်ခြင်းကို ပြသော စကားတည်း။
ကဿပ မည်သည့် ရဟန်းအားမဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်း “သဒ္ဓါ”တရားရှိ၏၊ ရှက်ခြင်း ရှိ၏၊ ကြောက်လန့်ခြင်းရှိ၏၊ ထိုရဟန်းအား ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း ကုသိုလ်တရားတို့၌ ကြီးပွားခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ခြင်းကို မမျှော်လင့်အပ်။ ကဿပ လဆန်းပက္ခ၌ ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း လအား အဆင်း၊ အဝန်းအဝိုင်း၊ အရောင် အဝါ၊ လုံးရပ်သဏ္ဌာန်အားဖြင့် တိုးပွားသကဲ့သို့ ကဿပ ဤအတူသာလျှင် မည်သည့် ရဟန်းအားမဆို ကုသိုလ်တရားတို့၌ ယုံကြည်ခြင်း “သဒ္ဓါ”တရားရှိ၏၊ ရှက်ခြင်းရှိ၏၊ ကြောက်လန့်ခြင်းရှိ၏၊ လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ ပညာရှိ၏၊ ထိုရဟန်းအား ရောက်လာသမျှသော ညဉ့်တိုင်းနေ့တိုင်း ကုသိုလ်တရားတို့၌ ကြီးပွားခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ခြင်းကို မမျှော်လင့်အပ်။
ကဿပ “သဒ္ဓါတရားရှိသော ယောကျာ်းပုဂ္ဂိုလ်” ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြ သော စကားတည်း၊ “ရှက်ခြင်းရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည်။ပ။ “ကြောက်လန့်ခြင်း ရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော။ “ထက်သန်သော လုံ့လရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော။ “ပညာရှိ သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော။ “အမျက်မထွက်တတ်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော။ ကဿပ “ရန်ငြိုးမဖွဲ့တတ်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကား တည်း၊ ကဿပ “ဆုံးမတတ်သူရှိသော ရဟန်းတို့”ဟူသော ဤစကားသည် မဆုတ်ယုတ်ခြင်းကို ပြသော စကားတည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။