သံယုတ္တနိကာယ်—၁၆

၈—တတိယ သြဝါဒသုတ်

၁၅၁။ ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ (ဝေဠုဝန်ကျောင်း) ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာကဿပသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ် ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အရှင်မဟာကဿပအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “ကဿပ ရဟန်းတို့ကို ဆုံးမလော့၊ ကဿပ ရဟန်းတို့အား တရားစကား ဟောပြောခြင်းကို ပြုလော့။ ကဿပ ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ဆုံးမရာ၏။ ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ရဟန်းတို့အား တရားစကား ပြောဟောရာ၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ယခုအခါ၌ ရဟန်းတို့သည် ဆုံးမခက်ပါကုန်၏၊ ဆုံးမခက်ခြင်းကို ပြုတတ်သော အကုသိုလ်တရားတို့နှင့် ပြည့်စုံပါကုန်၏၊ သည်းမခံကြပါကုန်၊ အဆုံးအမကို ရိုသေစွာ မနာယူကြပါကုန်ဟု (လျှောက်၏)၊ ကဿပ ထို့ကြောင့်ပင်လျှင် ရှေးက မထေရ်ရဟန်းတို့သည် အာရညကင်ဓုတင်ကို ဆောက် တည်ကုန်၏၊ အာရညကင်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ကုန်၏၊ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။ ပံသုကူဓုတင်ကို ဆောက်တည်ကုန်၏၊ ပံသုကူဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။ တိစီဝရိက်ဓုတင်ကို ဆောက်တည်ကုန်၏၊ တိစီဝရိက်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။ အလိုနည်းကုန်၏၊ အလိုနည်းခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။ ရောင့်ရဲကုန်၏၊ ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ပြော ဆိုကုန်၏။ ဆိတ်ငြိမ်သော အရပ်၌ နေလေ့ရှိကုန်၏၊ ဆိတ်ငြိမ်သော အရပ်၌ နေခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။ လူတို့နှင့် မရောနှောကုန်၊ လူတို့နှင့် မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။ ထက်သန်သော လုံ့လရှိကုန်၏၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုကုန်၏။

ထိုရဟန်းတို့တွင် အကြင်ရဟန်းသည် အာရညကင်ဓုတင်ကို ဆောက်တည်၏၊ အာရညကင်ဓုတင်ကို ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်၏၊ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ပံသုကူဓုတင်ကို ဆောက်တည်၏၊ ပံသုကူဓုတင် ဆောက် တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ တိစီဝရိက်ဓုတင်ကို ဆောက်တည်၏၊ တိစီဝရိက်ဓုတင် ဆောက် တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ အလိုနည်း၏၊ အလိုနည်းခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ရောင့်ရဲ၏၊ ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ဆိတ်ငြိမ်သော အရပ်၌ နေ၏၊ ဆိတ်ငြိမ်သော အရပ်၌ နေခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ လူတို့နှင့် မရောနှော၊ လူတို့နှင့် မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ထက်သန်သော လုံ့လရှိ၏၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ထိုရဟန်းကို သီတင်းကြီးရဟန်းတို့က “ရဟန်း လာလော့၊ ဤရဟန်းသည် အဘယ်အမည် ရှိသနည်း၊ ဤရဟန်းသည် ကောင်းစွတကား၊ ဤရဟန်းသည် အကျင့်သိက္ခာကို အလိုရှိစွတကား။ ရဟန်း လာလော့၊ ဤကား နေရာတည်း၊ ထိုင်လော့”ဟု နေရာဖြင့် ဖိ်တ်ကြားကုန်၏။

ကဿပ ထိုသို့ဖိတ်ကြားရာ၌ ငယ်ကုန်သောရဟန်းတို့အား ဤသို့သော အကြံသည်ဖြစ်၏— “အကြင်ရဟန်းသည် အာရညကင်ဓုတင်ကို ဆောက်တည်၏၊ အာရညကင်ဓုတင်ကို ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်၏၊ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ် ကိုလည်း ပြောဆို၏။ပ။ ပံသုကူဓုတင်ကို ဆောက်တည်၏၊ ပံသုကူဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ တိစီဝရိက်ဓုတင်ကို ဆောက်တည်၏၊ တိစီဝရိက်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ အလိုနည်း၏။ ရောင့်ရဲ၏။ ဆိတ်ငြိမ်သော အရပ်၌ နေ၏။ လူတို့နှင့် မရောနှော။ ထက်သန်သော လုံ့လရှိ၏၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကိုလည်း ပြောဆို၏။ ထိုရဟန်းကို သီတင်းကြီးရဟန်းတို့က ‘ရဟန်း လာလော့၊ ဤရဟန်းကား အဘယ်အမည် ရှိသနည်း၊ ဤရဟန်းသည် ကောင်းစွတကား၊ ဤရဟန်းသည် အကျင့်သိက္ခာကို အလိုရှိစွတကား။ ရဟန်း လာလော့၊ ဤသည်ကား နေရာတည်း၊ ထိုင်လော့’ဟု နေရာဖြင့် ဖိ်တ်ကြားကုန်၏”ဟု အကြံ ဖြစ်၏။ ထိုရဟန်းငယ်တို့သည် မချွတ်မယွင်း ဖြစ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုရဟန်းတို့၏ ထိုအကျင့်သည် ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး အစီး အပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

ကဿပ ယခုအခါ၌ သီတင်းကြီးရဟန်းတို့သည် အာရညကင်ဓုတင်ကို မဆောက်တည်ကုန်၊ အာရညကင်ဓုတင်ကို ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ ပိဏ္ဍပါတ်ဓုတင်ကို မဆောက် တည်ကုန်၊ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ ပံသုကူဓုတင်ကို မဆောက် တည်ကုန်၊ ပံသုကူဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ တိစီဝရိက်ဓုတင်ကို မဆောက် တည်ကုန်၊ တိစီဝရိက်ဓုတင် ဆောက်တည်ခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ အလိုနည်းခြင်း မရှိကုန်၊ အလိုနည်းခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ ရောင့်ရဲခြင်း မရှိကုန်၊ ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ ဆိတ်ငြိမ်ရာအရပ်၌ မနေကုန်၊ ဆိတ်ငြိမ်ရာအရပ်၌ နေခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ လူတို့နှင့် ရောနှောခြင်း ရှိကုန်၏၊ လူတို့နှင့် မရောနှောခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။ ထက်သန် သော လုံ့လ မရှိကုန်၊ ထက်သန်သော လုံ့လရှိခြင်း၏ ဂုဏ်ကိုလည်း မပြောဆိုကုန်။

ထိုရဟန်းတို့တွင် အကြင်ရဟန်းသည် ထင်ရှား၏၊ အခြံအရံ များ၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရရှိ၏။ ထိုရဟန်းကို့သီတင်းကြီးရဟန်းတို့က “ရဟန်း လာလော့၊ ဤရဟန်းကား အဘယ်အမည်ရှိသနည်း၊ ဤရဟန်းသည် ကောင်းစွတကား၊ ဤရဟန်းသည် သီတင်းသုံးဖော်တို့ကို အခြံအရံအဖြစ်ဖြင့် အလိုရှိစွတကား။ ရဟန်း လာလော့၊ ဤကား နေရာတည်း၊ ထိုင်လော့”ဟု နေရာဖြင့် ဖိ်တ်ကြားကုန်၏။

ကဿပ ထိုသို့ဖိတ်ကြားရာ၌ ငယ်ကုန်သော ရဟန်းတို့အား ဤသို့သော အကြံသည် ဖြစ်၏— “အကြင်ရဟန်းသည် ထင်ရှား၏၊ အခြံအရံ များ၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးပစ္စည်း အသုံးအဆောင်တို့ကို ရ၏။ ထိုရဟန်းကို သီတင်းကြီးရဟန်းတို့က ‘ရဟန်း လာလော့၊ ဤရဟန်းကား အဘယ်အမည်ရှိသနည်း၊ ဤရဟန်းသည် ကောင်းစွတကား၊ ဤရဟန်းသည် သီတင်းသုံးဖော်တို့ကို အခြံအရံအဖြစ်ဖြင့် အလိုရှိစွတကား။ ရဟန်း လာလော့၊ ဤကား နေရာတည်း၊ ထိုင်လော့’ဟု နေရာဖြင့် ဖိတ်ကုန်၏”ဟု (အကြံ ဖြစ်၏)။ ထိုရဟန်းငယ်တို့သည် မချွတ်မယွင်း ဖြစ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုရဟန်းငယ်တို့၏ ထိုအကျင့်သည် ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။

ကဿပ အကြင်ရဟန်းကို ကောင်းစွာ ဆိုလိုသော သူသည် “မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူကို မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၏ (ပစ္စည်းလေးပါးတို့၌ လွန်ကဲသော ဆန္ဒရာဂဟူသော) ဘေးရန် သည် နှိပ်စက်အပ်၏၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူကို မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၏ လွန်ကဲသော တောင့််တခြင်းဖြင့် တောင့်တအပ်၏”ဟု ဆိုရာ၏။ ကဿပ ယခုအခါ၌ကား ထိုရဟန်းကို ကောင်းစွာ ဆိုလိုသောသူသည် “မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူကို မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၏ (ပစ္စည်းလေးပါးတို့၌ လွန်ကဲသော ဆန္ဒရာဂဟူသော) ဘေးရန်သည် နှိပ်စက်အပ်၏၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသူကို မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၏ ထိုလွန်ကဲသော တောင့်တခြင်းဖြင့် တောင့်တအပ်၏”ဟူ၍ ဆိုရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။