သံယုတ္တနိကာယ်—၁၆

၉—ဈာနာဘိညသုတ်

၁၅၂။ သာဝတ္ထိပြည်၌ (သီတင်းသုုံး) နေတော်မူ၏။ ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ပဌမဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သက်မှု ‘ပီတိ’ , ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် ပဌမဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သက်မှု ‘ပီတိ’ , ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ဒုတိယဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှ လောက်ပင် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်မှု ‘သမာဓိ’ကို ပွားစေတတ်သော ကြံစည်မှု ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော တည် ကြည်မှု ‘သမာဓိ’ကြောင့် ဖြစ်သော နှစ်သက်မှု ‘ပီတိ’, ချမ်းသာမှု ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် ဒုတိယဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် တတိယဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှ လောက်ပင် နှစ်သက်မှု ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူ ရှုလျက် နေနိုင်၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် တတိယဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် နှစ်သက်မှု ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေနိုင်၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် စတုတ္ထဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှ လောက်ပင် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာမှု ‘သောမနဿ’ , နှလုံးမသာမှု ‘ဒေါမနဿ’တို့ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် စတုတ္ထဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် အာကာသာနဉ္စာယတနဈာန်ကို ဝင်စား၍ နေရန် အလို ရှိ၏၊ ထိုမျှလောက်ပင် ရူပသညာတို့ကို လုံးဝ လွန်မြောက်၍ ပဋိဃသညာတို့ လုံးဝ ချုပ်သဖြင့် နာနတ္တ သညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု နှလုံးသွင်း၍ အာကာသာနဉ္စာ ယတနဈာန်ကို ဝင်စား၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် အာကာသာနဉ္စာ ယတနဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ရူပသညာတို့ကို လုံးဝ လွန်မြောက်၍။ပ။ အာကာသာနဉ္စာယတနဈာန်ကို ဝင်စား၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် အာကာသာနဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု နှလုံး သွင်းလျက် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှ လောက် ဝိညာဏဉ္စာယနဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် အာကာသာနဉ္စာယတန ဈာန်ကို လုံးဝ လွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု နှလုံး သွင်းလျက် အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှ လောက် အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏။ပ။ အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတန ဈာန်ကို ဝင်စား၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် နေဝသညာနာသညာ ယတနဈာန်ကို ဝင်စား၍ နေရန် အလိုရှိ၏။ပ။ နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် နိရောဓသမာပတ်ကို ဝင်စား၍ နေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် နေဝသညာနာသညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ကို ဝင်စား၍ နေနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း။ပ။ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ကို ဝင်စား၍ နေနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ဣဒ္ဓိဝိဓအဘိညာဉ်ကို ပြီးစေရန် အလိုရှိ၏၊ ထိုမျှ လောက်ပင် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွား၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှား ဖြစ်စေ၏၊ ကိုယ် ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ “ကောင်းကင်၌ကဲ့သို့” သွား၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို “ရေ၌ကဲ့သို့” ပြု၏၊ ရေ၌လည်း မကွဲစေဘဲ “မြေ၌ကဲ့သို့” သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် “အတောင်ရှိသော ငှက်ကဲ့သို့” သွား၏၊ ဤသို့ ကြီးသော တန်ခိုးရှိကုန်သော ကြီးသော အာနုဘော်ရှိကုန်သော လနေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် ဣဒ္ဓိဝိဓအဘိညာဉ်ကို ပြီးစေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် တစ်ပါးမက များ ပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင် ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ဒိဗ္ဗသောတအဘိညာဉ်ကို ပြီးစေရန် အလိုရှိ၏၊ ထိုမျှ လောက်ပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့် တူသော ‘ဒိဗ္ဗသောတ’အဘိဉာဉ်ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှ လောက် ဒိဗ္ဗသောတအဘိညာဉ်ကို ပြီးစေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် နတ်တို့၏ နားနှင့် တူသော ‘ဒိဗ္ဗ သောတ’ အဘိဉာဉ်ဖြင့်။ပ။ ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်းဖြစ်ကုန်သော (နှစ်မျိုးသော) အသံတို့ကို ကြားနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ပရစိတ္တဝိဇာနနအဘိညာဉ်ကို ပြီးစေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်၏၊ တပ်မက်ခြင်း ‘ရာဂ’နှင့် တကွဖြစ်သော စိတ်ကိုလည်း “တပ်မက်ခြင်း ‘ရာဂ’နှင့် တကွဖြစ်သော စိတ်”ဟု သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း “တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်”ဟု သိ၏။ အမျက်ထွက်ခြင်း ‘ဒေါသ’နှင့် တကွဖြစ်သော စိတ်ကိုလည်း။ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း။ပ။ တွေဝေခြင်း ‘မောဟ’နှင့် တကွဖြစ်သော စိတ်ကိုလည်း၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ် ကိုလည်း။ ကြုံ့သော ‘သံခိတ္တ’စိတ်ကိုလည်း၊ ပျံ့သော ‘ဝိက္ခိတ္တ’စိတ်ကိုလည်း။ မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’စိတ်ကိုလည်း၊ မြတ်သည်၏အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း။ သာလွန်သော တရားရှိသော ‘သဥတ္တရ’စိတ်ကိုလည်း၊ သာလွန်သော တရား မရှိသော ‘အနုတ္တရ’စိတ်ကိုလည်း။ တည်ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း၊ မတည်ကြည်သော ‘အသမာဟိတ’ စိတ်ကိုလည်း။ လွတ်မြောက်သော ‘ဝိမုတ္တ’စိတ်ကိုလည်း၊ မလွတ်မြောက်သော ‘အဝိမုတ္တ’စိတ်ကိုလည်း “မလွတ်မြောက်သော ‘အဝိမုတ္တ’စိတ်”ဟု သိ၏။ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် ပရစိတ္တဝိဇာနနအဘိညာဉ်ကို ပြီးစေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်၏၊ တပ်မက်ခြင်း ‘ရာဂ’နှင့် တကွဖြစ်သော စိတ်ကိုလည်း “တပ်မက်ခြင်း ‘ရာဂ’နှင့် တကွ ဖြစ်သောစိတ်”ဟု သိ၏။ပ။ မလွတ်မြောက်သော ‘အဝိမုတ္တ’စိတ်ကိုလည်း “မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်”ဟူ၍ သိနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ကို ပြီးစေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာ ကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက် ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် , ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ ငါသည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့ သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှ လောက် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ် ပြီးစေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် ရှေး၌ ဖြစ်ဖူးသော များ ပြားသော ဘဝတို့ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။

ရဟန်းတို့ ငါဘုရားသည် အကြင်မျှလောက် ဒိဗ္ဗစက္ခုအဘိညာဉ် ပြီးစေရန် အလိုရှိ၏၊ ထိုမျှလောက် ပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗ စက္ခု’ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ၊ အဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏။ ကံအားလျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို သိ၏၊ “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘မနော ဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုကျင့်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီးကျရောက်၍ ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့ကား ကိုယ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘မနော သုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုကျင့် သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာနတ်ပြည်သို့ ရောက်ကုန်၏”ဟု သိနိုင်၏၊ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲ သတ္တဝါ၊ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်နိုင်၏။ ကံအား လျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို သိနိုင်၏၊ ရဟန်းတို့ ကဿပသည်လည်း အကြင်မျှလောက် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ဖြစ်စေရန် အလိုရှိ၏၊ ထိုမျှလောက်ပင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ဉာဏ်ဖြင့် သေဆဲသတ္တဝါတို့ကို မြင်နိုင်၏။ပ။ ကံအားလျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို သိနိုင်၏။

ရဟန်းတို့ ငါဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ် မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ကဿပသည်လည်း အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက် သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။