သံယုတ္တနိကာယ်—၁၇

၄—စတုတ္ထဝဂ်

၈—၁၃—ပိတုစသောခြောက်သုတ်

၁၈၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ငါဘုရားသည် “ဤအသျှင်သည် အဖဟူသော အကြောင်းကြောင့်လည်း။ပ။ (ချဲ့အပ်၏) အစ်ကိုဟူသော အကြောင်းကြောင့်လည်း။ နှမဟူသော အကြောင်းကြောင့်လည်း။ သားဟူသော အကြောင်း ကြောင့်လည်း။ သမီးဟူသော အကြောင်းကြောင့်လည်း။ မယားဟူသော အကြောင်းကြောင့်လည်း သိလျက် ချွတ်ယွင်းသော စကားကို မဆိုရာ”ဟု အချို့သော ပုဂ္ဂိုလ်၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏။ ထိုသူ ကို တစ်ပါးသော အခါ၌ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည် ဖြစ်၍ သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုနေသည်ကို တွေ့မြင်ရ၏။

ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်း တမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်— “ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစော ကို စွန့်ကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောသည် ငါတို့၏ စိတ်ကို သိမ်းကျုံး ယူငင်၍ မတည်နိုင်လတ္တံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

တေရသမသုတ်။

စတုတ္ထဝဂ် ပြီး၏။

လာဘသက္ကာရသံယုတ် ပြီး၏။