သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၁—စက္ခုသုတ်

၁၈၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်၊ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင် ရာဟုလာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ရာဟုလာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရား တော်ကို ဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို ကြားနာရ၍ တစ်ယောက် တည်း ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ပြီးလျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်သည် နိဗ္ဗာန်သို့ စေလွှတ် ထားသော စိတ်ရှိသည် ဖြစ်၍ နေပါအံ့”ဟု လျှောက်၏။

ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိ ‘စက္ခုပသာဒ’သည် မြဲသလော၊ မမြဲ သလော။ အသျှင်ဘုရား မမြဲပါ။ မမြဲသော မျက်စိ ‘စက္ခုပသာဒ’သည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲပါတည်း။ မမြဲသော ဆင်းရဲ၍ ဖောက်ပြန်တတ်သော သဘောရှိသော မျက်စိ ‘စက္ခု ပသာဒ’ကို “ဤမျက်စိ ‘စက္ခုပသာဒ’သည် ငါ၏ ဥစ္စာတည်း၊ ဤမျက်စိ ‘စက္ခုပသာဒ’သည် ငါ ဖြစ်၏၊ ဤ မျက်စိ ‘စက္ခုပသာဒ’သည် ငါ၏ အတ္တတည်း”ဟူ၍ ရှုခြင်းငှါ သင့်လျော်ပါမည်လော။ အသျှင်ဘုရား ဤသို့ ရှုခြင်းသည် မသင့်လျော်ပါ။

နား ‘သောတပသာဒ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ပ။ နှာခေါင်း ‘ဃာန ပသာဒ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ လျှာ ‘ဇိဝှါပသာဒ’သည် မြဲသလော၊ မမြဲ သလော။ အသျှင်ဘုရား မမြဲပါ။ ကိုယ် ‘ကာယပသာဒ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ စိတ်သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲပါတည်း။ မမြဲသော ဆင်းရဲ၍ ဖောက်ပြန်တတ်သော သဘောရှိသော စိတ်ကို “ဤစိတ်သည် ငါ၏ ဥစ္စာတည်း၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ အတ္တတည်း”ဟူ၍ ရှုခြင်းငှါ သင့်လျော်ပါမည်လော။ အသျှင်ဘုရား ဤသို့ ရှုခြင်းသည် မသင့်လျော်ပါ။

ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် မျက်စိ ‘စက္ခု ပသာဒ’၌လည်း ငြီးငွေ့၏။ပ။ နား ‘သောတပသာဒ’၌လည်း ငြီးငွေ့၏။ နှာခေါင်း ‘ဃာနပသာဒ’၌လည်း ငြီး ငွေ့၏။ လျှာ ‘ဇိဝှါပသာဒ’၌လည်း ငြီးငွေ့၏။ ကိုယ် ‘ကာယပသာဒ’၌လည်း ငြီးငွေ့၏။ စိတ်၌လည်း ငြီး ငွေ့၏။ ငြီးငွေ့သည် ရှိသော် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းသည် ရှိသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သည် ရှိသော် “လွတ်မြောက်ပြီ”ဟူသော အသိဉာဏ် ဖြစ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တဖိုလ်ဟူသော အကျိုးငှါ တစ်ဖန်ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

[ဆယ်သုတ်လုံးကို ဤပေယျာလနည်းဖြင့် ချဲ့အပ် ကုန်၏]။

ပဌမသုတ်။