သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၁ဝ—ခန္ဓသုတ်

၁၉၇။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသ လော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏။ပ။ ဝေဒနာ၌လည်း ငြီးငွေ့၏။ သညာ၌လည်း ငြီးငွေ့၏။ သင်္ခါရတို့၌လည်း ငြီးငွေ့၏။ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်ခြင်းကင်း၏၊ တပ်ခြင်း ကင်းသည်ရှိသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သည်ရှိသော် “လွတ်မြောက်၏” ဟူ၍ အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တဖိုလ်ဟူသော အကျိုးငှါ တစ်ဖန်ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (ဟောတော်မူ၏)။

ဒသမသုတ်။

ပဌမဝဂ်ပြီး၏။