သံယုတ္တနိကာယ်—၁၈

၂—ဒုတိယဝဂ်

၁—စက္ခုသုတ်

၁၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနားခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ရာဟုလာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင် ရာဟုလာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ် ထင်သနည်း။ မျက်စိ ‘စက္ခုပသာဒ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ မမြဲသော မျက်စိ ‘စက္ခုပသာဒ’သည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲပါတည်း။ မမြဲသော ဆင်းရဲ ၍ ဖောက်ပြန်တတ်သော သဘောရှိသော မျက်စိ ‘စက္ခုပသာဒ’ကို “ဤမျက်စိ ‘စက္ခုပသာဒ’သည် ငါ၏ ဥစ္စာတည်း၊ ဤမျက်စိ ‘စက္ခုပသာဒ’သည် ငါ ဖြစ်၏၊ ဤမျက်စိ ‘စက္ခုပသာဒ’သည် ငါ၏ အတ္တတည်း”ဟူ၍ ရှုခြင်းငှါ သင့်လျော်ပါမည်လော။ အသျှင်ဘုရား ဤသို့ ရှုခြင်းငှါ မသင့်လျော်ပါ။

နား ‘သောတပသာဒ’ သည်။ပ။ နှာခေါင်း ‘ဃာနပသာဒ’ သည်။ လျှာ ‘ဇိဝှါပသာဒ’ သည်။ ကိုယ် ‘ကာယပသာဒ’သည်။ စိတ်သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ မမြဲသော ထိုစိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ အသျှင်ဘုရား ဆင်းရဲပါတည်း။ မမြဲသော ဆင်းရဲ၍ ဖောက်ပြန်တတ်သော သဘောရှိသော စိတ်ကို “ဤစိတ်သည် ငါ၏ ဥစ္စာတည်း၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ အတ္တတည်း”ဟူ၍ ရှုခြင်းငှါ သင့်လျော်ပါမည်လော။ အသျှင်ဘုရား ဤသို့ ရှုခြင်းငှါ မသင့်လျော်ပါ။

ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် မျက်စိ ‘စက္ခု ပသာဒ’၌လည်း ငြီးငွေ့၏။ပ။ နား ‘သောတပသာဒ’၌လည်း ငြီးငွေ့၏။ နှာခေါင်း ‘ဃာနပသာဒ’၌လည်း ငြီးငွေ့၏။ လျှာ ‘ဇိဝှါပသာဒ’၌လည်း ငြီးငွေ့၏။ ကိုယ် ‘ကာယပသာဒ’၌လည်း ငြီးငွေ့၏။ စိတ်၌လည်း ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းသည်ရှိသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သည်ရှိသော် “လွတ်မြောက်၏”ဟူ၍ အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တဖိုလ်ဟူသော အကျိုးငှါ တစ်ဖန် ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (ဟောတော်မူ၏)။

[ဆယ်သုတ်လုံးကို ဤပေယျာလနည်းဖြင့် ချဲ့အပ်ကုန်၏]။

ပဌမသုတ်။