သံယုတ္တနိကာယ်—၁၈

၂—ဒုတိယဝဂ်

၁၂—အပဂတသုတ်

၂ဝ၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ရာဟုလာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ရာဟုလာ သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူ အား ဝိညာဏ်နှင့် တကွဖြစ်သော ဤကိုယ်၌လည်းကောင်း၊ ပြင်ပဖြစ်သော အလုံးစုံသော နိမိတ်တို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’, ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’, ထောင်လွှားမှု ‘မာန’မှ ကင်းသော၊ ထောင်လွှားခြင်းအဖို့ကို ကောင်းစွာ လွန်သော၊ ကိလေသာပူပန်မှုမှ ငြိမ်းသော၊ ကိလေသာမှ ကောင်းစွာ လွတ် မြောက်သော စိတ်ဖြစ်ပါသနည်း”ဟု (လျှောက်၏)။

ရာဟုလာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော၊ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော၊ ကြမ်းတမ်းသည်, သိမ်မွေ့သည်လည်းဖြစ်သော၊ ယုတ်သည်, မြတ်သည်လည်းဖြစ်သော၊ ဝေးသည်, နီး သည်လည်းဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါ့၏ ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ် သည် ငါ၏ အတ္တ မဟုတ်”ဟူ၍ ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် မြင်၍ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ ကိလေသာမှ လွတ်မြောက်၏။ ခံစားမှု ‘ဝေဒနာ’အားလုံးသည်။ပ။ မှတ်သားမှု ‘သညာ’အားလုံး သည်။ ပြုစီရင်မှု ‘သင်္ခါရ’အားလုံးတို့သည်။

အတိတ်, အနာဂတ်, ပစ္စုပ္ပန်လည်းဖြစ်သော၊ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော၊ ကြမ်းတမ်းသည် သိမ်မွေ့သည်လည်းဖြစ်သော၊ ယုတ်သည်, မြတ်သည်လည်းဖြစ်သော၊ ဝေးသည်, နီး သည်လည်းဖြစ်သော ဝိညာဏ်အားလုံးကို “ဤဝိညာဏ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် မြင်၍ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ ကိလေသာမှ လွတ်မြောက်၏။ ရာဟုလာ ဤသို့ သိသူ ဤသို့မြင်သူအား ဝိညာဏ်နှင့် တကွဖြစ်သော ဤကိုယ်၌လည်းကောင်း၊ ပြင်ပဖြစ်သော အလုံးစုံသော နိမိတ်တို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’, ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’, ထောင်လွှားမှု ‘မာန’မှ ကင်းသော၊ ထောင်လွှားခြင်းအဖို့ကို ကောင်းစွာ လွန်သော၊ ကိလေသာပူပန်မှုမှ ငြိမ်းသော၊ ကိလေသာမှ ကောင်းစွာ လွတ် မြောက်သော စိတ်ဖြစ်၏ဟု (ဟောတော်မူ၏)။

ဒွါဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။

ရာဟုလသံယုတ် ပြီး၏။