သံယုတ္တနိကာယ်—၁၈

၁—ပဌမဝဂ်

၈—တဏှာသုတ်

၁၉၅။ သာဝတ္ထိနိဒါန်း။ ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဆင်း၌ တပ်မက်မှု ‘ရူပတဏှာ’သည် မြဲသလော၊ မမြဲသလော။ အသျှင်ဘုရား မမြဲပါ။ အသံ၌ တပ်မက်မှု ‘သဒ္ဒတဏှာ’သည်။ပ။ အနံ့၌ တပ်မက်မှု ‘ဂန္ဓတဏှာ’သည်။ အရသာ၌ တပ်မက်မှု ‘ရသတဏှာ’သည်။ အတွေ့၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’သည်။ သဘောတရား၌ တပ်မက်မှု ‘ဓမ္မတဏှာ’သည် မြဲသလော၊ မမြဲသလော။ အသျှင် ဘုရား မမြဲပါ။ ရာဟုလာ ဤသို့ မြင်သော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ရူပတဏှာ ၌လည်း ငြီးငွေ့၏။ပ။ သဒ္ဒတဏှာ၌လည်း ငြီးငွေ့၏။ ဂန္ဓတဏှာ၌လည်း ငြီးငွေ့၏။ ရသတဏှာ၌လည်း ငြီးငွေ့၏။ ဖောဋ္ဌဗ္ဗတဏှာ၌လည်း ငြီးငွေ့၏။ ဓမ္မတဏှာ၌လည်း ငြီးငွေ့၏။ပ။ သိ၏ဟု (ဟောတော်မူ၏)။

အဋ္ဌမသုတ်။