သံယုတ္တနိကာယ်—၁၉

၂—ဒုတိယဝဂ်

၁၁—ပါပသာမဏေရီသုတ်

၂၂၂။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော သာမဏေမ ပြိတ္တာမကို မြင်ရ၏၊ ထိုပြိတ္တာမ၏ ဒုကုဋ်, သပိတ်, ခါးပန်းကြိုး, ကိုယ်တို့သည် ပြောင်ပြောင် တောက်လောင်ကုန်၏၊ ထက်ဝန်းကျင် အလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ အလျှံထ၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ပ။ ငါ့သျှင် ထိုငါ့အား “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့ သောသတ္တဝါဟု ရှိရတုံဘိ၏။ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိရတုံဘိ၏ဟု အကြံ ဖြစ်ခဲ့ပါသည်”ဟု ပြောဆို၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ — “ရဟန်းတို့ တပည့်သာဝကတို့သည် မျက်စိအမြင်ရှိကုန်သည် ဖြစ်၍ နေကြပေသည်တကား၊ တပည့်သာဝကတို့သည် ဉာဏ်အမြင်ရှိကုန်သည် ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝကစင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။ ရဟန်းတို့ ရှေးကပင် ထိုသာမဏေမကို ငါ မြင်ခဲ့ဖူးပြီ၊ သို့သော်လည်း ငါသည် မပြောဆိုခဲ့ပေ၊ ငါသည် ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါ့အား မယုံကြည်နိုင်ကြပေရာ၊ ထိုမယုံကြည်သူတို့အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လေရာ၏။ ရဟန်းတို့ ထို သာမဏေမသည် ကဿပမြတ်စွာဘုရား သာသနာတော်၌ ယုတ်မာသော သာမဏေမ ဖြစ်ခဲ့ဖူးပြီ၊ ထို သာမဏေမ၏ ထိုကံ၏ အကျိုးဖြင့် များစွာသော နှစ်တို့ပတ်လုံး များစွာသော နှစ်အရာတို့ပတ်လုံး များစွာသော နှစ်အထောင်တို့ပတ်လုံး များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရ၍ ထိုကံ၏ အကျိုးကြွင်းဖြင့်ပင်လျှင် ဤကဲ့သို့သော အတ္တဘောကို ရရှိခံစားနေရ၏”ဟု (ဟောတော်မူ၏)။

ဧကာဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။

လက္ခဏသံယုတ် ပြီး၏။