သံယုတ္တနိကာယ်—၂

၁—ပဌမဝဂ်

၁—ပဌမ ကဿပသုတ်

၈၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဿပ နတ်သားသည် ညဉ့်ဦးယံကုန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား “မြတ်စွာဘုရားသည် ရဟန်း အမျိုးအစားကိုသာ ဟောပြတော်မူ၏၊ ရဟန်းအား ဆုံးမသော စကားကိုကား ဟောပြတော်မမူ”ဟု ဤ စကားကို လျှောက်၏၊ ကဿပ သို့ဖြစ်လျှင် ဤအဆုံးအမ ဟောပြရာ၌ သင်သည်ပင် ထင်စွာ ပြလော့ဟု (မိန့်တော်မူ၏)။

ကောင်းစွာ ဆိုအပ်သော ဝစီသုစရိုက်ကိုလည်း ကျင့်ရာ၏၊ ရဟန်းတို့ မှီဝဲအပ် သော ကမ္မဋ္ဌာန်းတရားကိုလည်း ကျင့်ရာ၏၊ ဆိတ်ငြိမ်ရာ၌ တစ်ယောက်တည်း နေခြင်းကိုလည်း ကျင့်ရာ၏၊ (သမာပတ်ရှစ်ပါး၏ အစွမ်းဖြင့်) စိတ်၏ ငြိမ်သက်ခြင်းကိုလည်း ကျင့်ရာ၏။

ဤစကားကို ကဿပနတ်သားသည် လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်သဘောတူတော်မူ၏၊ ထိုအခါ ကဿပနတ်သားသည် “ငါ့စကားကို မြတ်စွာဘုရားသည် နှစ်သက်သဘောတူတော်မူ၏”ဟု သိ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေ ပြုလျက် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။