သံယုတ္တနိကာယ်—၂

၁—ပဌမဝဂ်

၁ဝ—သူရိယသုတ်

၉၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ နေနတ်သားကို ရာဟုအသုရိန်သည် ဖမ်းယူအပ်၏၊ ထိုအခါ နေနတ် သားသည် မြတ်စွာဘုရားကို အောက်မေ့လျက် ထိုဖမ်းယူသော အချိန်၌ ဤဂါထာကို ရွတ်ဆို၏ —

ြ ကီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အသျှင်ဘုရားသည် အလုံးစုံသော ခန္ဓာအာယတနစသည်တို့၌ လွတ်မြောက်တော်မူ၏၊ အကျွန်ုပ်သည် ကျဉ်းမြောင်းခြင်းသို့ ရောက်နေပါ၏၊ အသျှင် ဘုရားသည် ထိုအကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့ဟု (ရွတ်ဆို၏)။

ထိုအခါ မြတ်စွာဘုရားသည် နေနတ်သားကို အကြောင်းပြု၍ ရာဟုအသုရိန်ကို ဂါထာဖြင့် မိန့်ဆို၏

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို နေနတ်သားသည် ကိုး ကွယ်ခြင်းသို့ ရောက်၏၊ ရာဟုအသုရိန် နေနတ်သားကို လွှတ်လော့၊ မြတ်စွာဘုရားတို့သည် လူနတ်တို့ကို အစဉ်သနားတော်မူကုန်၏ဟု (မိန့်ဆို၏)။

ရာဟုအသုရိန် မမြင်အောင် ပြုတတ်သော အမိုက်တိုက်၌ အရောင်အလင်းကို ပြု တတ်သော ထွန်းတောက်ပသော အဝန်းသဏ္ဌာန်ရှိသော ထက်သော တန်ခိုးရှိသော အကြင်နေနတ်သားသည် ရှိ၏၊ ကောင်းကင်၌ သွားသော ထိုနေနတ်သားကို မမျို လင့်၊ ရာဟုအသုရိန် ငါဘုရား၏ သားတော်ဖြစ်သော ထိုနေနတ်သားကို လွှတ်လော့ဟု (မိန့်တော်မူ၏)။

ထိုအခါ ရာဟုအသုရိန်သည် နေနတ်သားကို လွှတ်လျက် လျင်မြန်သော သဘောရှိသည် ဖြစ်၍ ဝေပစိတ္တိအသုရိန်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိတ်လန့်သည် ကြက်သီးမွေးညင်းထသည်ဖြစ်၍ တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်နေသော ရာဟုအသုရိန်ကို ဝေပစိတ္တိအသုရိန်သည် ဂါထာဖြင့် ဆို၏ —

ရာဟုအသုရိန် အဘယ် ကြောင့် အဆောတလျ င် သာလျှင် နေနတ် သား ကို လွှတ် ခဲ့ သနည်း၊ ထိတ်လန့်သော သဘောရှိသည်ဖြစ်၍ ရောက်လာပြီးလျှင် ကြောက်ရွံ့လျက် အဘယ့်ကြောင့် ရပ်တည်နေသနည်းဟု (ဆို၏)။

(ဝေပစိတ္တိအသုရိန်) ငါသည် မြတ်စွာဘုရားဂါထာမှ အလွန်ကြောက်၏၊ နေ နတ်သားကို အကယ်၍ မလွှတ်သည် ဖြစ်အံ့၊ ငါ၏ ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏၊ အသက်ရှင်သော ငါသည် ချမ်းသာကို မရရာဟု (ဆို၏)။

ပဌမဝဂ် ပြီး၏။