သံယုတ္တနိကာယ်—၂

၂—အနာထပိဏ္ဍိကဝဂ်

၁—စန္ဒိမသသုတ်

၉၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ စန္ဒိမသနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ —

အကြင် သူတို့သည် ဈာန်တို့ကို ပြည့်စုံစေကုန်၍ တည်ကြည်သောစိတ် ရင့်ကျက် သော ပညာနှင့် ပြည့်စုံကုန်လျက် သတိရှိကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုသူတို့သည် သာလျှင် ‘မှက်ခြင်မှ ကင်းသော တောင်ကြား မြစ်ကြား၌ သားသမင်တို့ကဲ့သို့’ ချမ်းသာခြင်းသို့ ရောက် ကုန်လတ္တံ့ဟု (လျှောက်၏)။

အကြင်သူတို့သည် ဈာန်တို့ကို ပြည့်စုံစေကုန်၍ မမေ့မလျော့ကုန်ဘဲ ကိလေသာ ကို စွန့်ကုန်၏၊ ထိုသူတို့သည်သာလျှင် ‘ကွန်ရက်ကို ဖြတ်၍ ချမ်းသာရာ အရပ်သို့ သွားသော ငါးကဲ့သို့’ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ သွားကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။