သံယုတ္တနိကာယ်—၂

၂—အနာထပိဏ္ဍိကဝဂ်

၁ဝ—အနာထပိဏ္ဍိကသုတ်

၁ဝ၁။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် အနာထပိဏ်နတ်သားသည် မြတ်စွာဘုရား ထံတော် ပါး၌ ဤဂါထာကို လျှောက်၏ —

“ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးတော်မူရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သည်ရှိသော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။

အကြင်ရဟန်းသည် (တစ်ဖက်ကမ်း) နိဗ္ဗာန်သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ရုံမျှသာလျှင် မြတ်၏။ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း ထို (တစ် ဖက်ကမ်း နိဗ္ဗာန်) သို့ ရောက်သော ရဟန်းဟူသမျှထက် မြတ်၏”ဟု (လျှောက်၏)။

အနာထပိဏ်နတ်သားသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီးသော် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့် လွန်သော် ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ ဤညဉ့်၌ တစ်ယောက်သော နတ်သားသည် ညဉ့်ဦးယမ် ကုန်ပြီးသော (သန်းခေါင်ယမ်) အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါဘုရားထံသို့ ချဉ်းကပ်၍ ငါဘုရား ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ငါဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏

‘ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးတော်ရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ် ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သည်ရှိသော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။

အကြင်ရဟန်းသည် (တစ်ဖက်ကမ်း) နိဗ္ဗာန်သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ရုံမျှသာလျှင် မြတ်၏။ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း ထို (တစ် ဖက်ကမ်းနိဗ္ဗာန်) သို့ ရောက်သော ရဟန်းဟူသမျှထက် မြတ်၏’ဟု (လျှောက်၏)။

ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို ဆိုပြီး၍ ငါဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထို နေရာ၌ပင်လျှင် ကွယ်ပျောက်လေ၏”ဟု မိန့်တော်မူ၏၊ ဤသို့မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ထိုနတ်သားသည် အနာထပိဏ်နတ်သား ဖြစ်လိမ့်မည်ဟု ထင်မိပါ၏၊ အနာထပိဏ်သူဋ္ဌေးသည် အသျှင်သာရိပုတ္တရာ၌ အလွန် ကြည်ညို၏”ဟု လျှောက်၏၊ အာနန္ဒာ ကောင်းစွ ကောင်းစွ၊ အာနန္ဒာ ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့်ရောက်ထိုက်သော အရာမှန်သမျှသို့ သင် ရောက်ပေ၏၊ အာနန္ဒာ ထိုနတ်သားသည် အနာထပိဏ်တည်းဟု (မိန့်တော်မူ၏)။

နှစ်ခုမြောက် အနာထပိဏ္ဍိကဝဂ် ပြီး၏။