သံယုတ္တနိကာယ်—၂

၃—နာနာတိတ္ထိယဝဂ်

၂—ခေမသုတ်

၁ဝ၃။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ခေမနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ —

“ပညာမဲ့ကုန်သော သူမိုက်တို့သည် ခါးစပ်သော အကျိုးရှိသည်ဖြစ်၍ ယုတ်ညံ့ သော အမှုကို ပြုကုန်လျက် မိမိသည်ပင် (မိမိ၏) ရန်သူအဖြစ်ဖြင့် ကျင်လည်ရ ကုန်၏။

နောင်တတစ်ဖန် ပူပန်ရသော မျက်ရည်ယိုသော မျက်နှာရှိသည်ဖြစ်၍ ငိုယိုလျက် ခံစားရသည့် အကျိုးမရှိသော အမှုကို ပြုခြင်းသည် မကောင်း။

နောင်တတစ်ဖန် မပူပန်ရသော နှစ်သက် , ဝမ်းမြောက်သည်ဖြစ်၍ ခံစားရသည့် အကျိူးရှိသော အမှုကို ပြုခြင်းသည် ကောင်း၏။

သူတော်ကောင်းဖြစ်သော ပညာရှိသည် မိမိ၏ အစီးအပွားကို သိငြားအံ့၊ ထို အစီးအပွားကို ရှေးဦးစွာပင် ပြုရာ၏၊ ‘ဝင်ရိုးကျိုးသော လှည်းသမား၏ အကြံ ကဲ့သို့’ အားမထုတ်ရာ။

‘လှည်းသမားသည် ပြေပြစ်ညီညွတ်သော လမ်းမကြီးကို စွန့်၍ မညီညွတ်သော လမ်းခရီးသို့ တက်သောကြောင့် လှည်းဝင်ရိုး ကျိုးသည်ဖြစ်၍ ကြံမှိုင်ရသကဲ့သို့’

ထို့အတူ ပညာနုံ့သော သူသည် တရားမှ ဖဲ၍ မတရားသို့ အစဉ်လိုက်သော ကြောင့် သေမင်း၏ ခံတွင်းဝသို့ ရောက်သည်ရှိသော် ‘လှည်းဝင်ရိုးကျိုးသော လှည်း သမားကဲ့သို့’ ကြံမှိုင်ရ၏”ဟု (လျှောက်၏)။