သံယုတ္တနိကာယ်—၂

၃—နာနာတိတ္ထိယဝဂ်

၃—သေရီသုတ်

၁ဝ၄။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သေရီနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ —

“နတ်လူနှစ်မျိုးတို့သည် ထမင်းကိုသာလျှင် တောင့်တကုန်၏၊ ထိုသို့တောင့်တ စမြဲ ဖြစ်ပါလျက် ထမင်းကို မတောင့်တသော နတ်မည်သည် အဘယ်မှာ ရှိပါအံ့ နည်း”ဟု (လျှောက်၏)။

အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထိုနတ်လူတို့ တောင့် တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူအပ်သော ထမင်း သည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဉ်လိုက်၏။

ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ ဝန်တိုခြင်းတည်းဟူသော အညစ် အကြေးကို နှိမ်နင်းလျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏ —

“အသျှင်ဘုရား အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထို နတ်လူတို့ တောင့်တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူ အပ်သော ထမင်းသည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဉ်လိုက်၏။

ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ ဝန်တိုခြင်းတည်းဟူသော အညစ် အကြေးကို နှိမ်နင်းလျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏”ဟု ဤသို့ မြတ်စွာဘုရားသည် ဤ တရားတော်ကို အလွန်ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။

အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် သေရီအမည်ရှိသောမင်း ဖြစ်ဖူး၏၊ ပေးလှူ လေ့ရှိ၏၊ အလှူရှင်ပါတည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိပါ၏၊ အသျှင်ဘုရား ထိုကျွန်ုပ်သည် မြို့တံခါး လေးမျက်နှာတို့၌ သမဏဗြာဟ္မဏ သူဆင်းရဲ ခရီးသွား သူတောင်းစား ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူ၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်ကို မောင်းမအပေါင်းသည် ချဉ်းကပ်၍ ဤစကားကို လျှောက်ကုန်၏— “အရှင်မင်းမြတ်သည်သာလျှင် အလှူကို ပေးလှူရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါ၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ထို အကျွန်ုပ်၏ စိတ်၌ ဤအကြံသည် ဖြစ်ပါ၏— “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ သို့ဖြစ်လျက် ‘အလှူကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း”ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ပဌမတံခါးကို မောင်းမ အပေါင်းအား ပေးရ၏၊ ထိုတံခါး၌ မောင်းမအပေါင်းသည် အလှူကို ပေးလှူ၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ၌ နောက်လိုက် လက်အောက်ခံမင်းတို့သည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ ဤ စကားကို ဆိုကုန်၏— “အရှင်မင်းမြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက် ကုန်၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ ‘အလှူကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း”ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား့ထိုအကျွန်ုပ်သည် ဒုတိယတံခါးကို နောက်လိုက် လက်အောက်ခံမင်းတို့အား ပေးရ၏၊ ထိုတံခါး၌ နောက်လိုက် လက်အောက်ခံမင်းတို့သည် အလှူကို ပေးလှူကုန်၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ ဗိုလ်ပါအပေါင်းသည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ ဤသို့ ဆို၏— “အရှင်မင်း မြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ နောက်လိုက် လက် အောက်ခံမင်းတို့သည် အလှူကို ပေးလှူရကုန်၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန် ပါကုန်၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ ‘အလှူ ကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း၊ အသျှင်ဘုရား စင်စစ် ထိုအကျွန်ုပ် သည် တတိယတံခါးကို ဗိုလ်ပါအပေါင်းအား ပေးရ၏၊ ထိုတံခါး၌ ဗိုလ်ပါအပေါင်းတို့သည် အလှူကို ပေး လှူ၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ ဤစကားကို ဆိုကုန်၏— “အရှင်မင်းမြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ နောက်လိုက် လက်အောက်ခံမင်းတို့သည် အလှူကို ပေးလှူရ၏၊ ဗိုလ်ပါအပေါင်းသည် အလှူကို ပေးလှူ ရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါ၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ် ကို အမှီပြု၍ အလှူကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏”ဟု လျှောက်ကုန်၏၊ အသျှင် ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ “ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ ‘အလှူကို ပေးလှူကုန်အံ့’ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း”ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် စတုတ္ထတံခါးကို ပုဏ္ဏားနှင့် သူကြွယ်တို့အား ပေးရ၏၊ ထိုတံခါး၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် အလှူကို ပေးလှူကုန်၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ၌ မင်းချင်းယောကျာ်းတို့သည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ “ယခုအခါ၌ အရှင်မင်းမြတ်သည် တစ်စုံတစ်ခုသော အလှူကို မပေးလှူရတော့ပါ”ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ဤသို့ ဆိုသော် အကျွန်ုပ်သည် ထိုမင်းချင်းယောကျာ်းတို့အား ဤစကားကို ဆိုပါ၏၊ “အမောင်တို့ သို့ဖြစ် လျှင် အပဖြစ်ကုန်သော နယ်ပယ်တို့၌ အကြင်အခွန်အတုတ် (အတိုးအပွားဥစ္စာ) သည် ကောင်းစွာ ဖြစ်၏၊ ထိုအခွန်အတုတ် (အတိုးအပွားဥစ္စာ) မှ ထက်ဝက်ကို နန်းတော်တွင်းသို့ သွင်းကုန်လော့၊ ထက်ဝက်ကို ထို အရပ်၌သာလျှင် သမဏဗြာဟ္မဏ သူဆင်းရဲ ခရီးသွား သူတောင်းစား ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူကုန်လော့” (ဟု ဆိုပါ၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ဤသို့ ရှည်မြင့်စွာသော အနှစ် ရှစ်သောင်းကာလပတ်လုံး ပြုအပ်ကုန်သော ကောင်းမှု၊ ဤသို့ ရှည်မြင့်စွာသော အနှစ်ရှစ်သောင်းကာလ ပတ်လုံး ပြုအပ်ကုန်သော ကုသိုလ်တရားတို့၏ အပိုင်းအခြားကို “ကောင်းမှုသည် ဤမျှ အတိုင်းအရှည် ရှိ၏”ဟူ၍လည်းကောင်း၊ “ကောင်းမှု၏ အကျိုးသည် ဤမျှ အတိုင်းအရှည် ရှိ၏”ဟူ၍လည်းကောင်း၊ “နတ်ပြည်၌ ဤမျှလောက် တည်ရာရှိ၏”ဟူ၍လည်းကောင်း မသိနိုင်ပါ၊ အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏ —

“အသျှင်ဘုရား အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထို နတ်လူတို့ တောင့်တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူ သော ထမင်းသည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ထိုပေးလှူသူတို့သို့ အစဉ်လိုက်၏။

ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ (ဝန်တိုခြင်းတည်းဟူသော) အညစ် အကြေးကို နှိမ်နင်းလျက့်အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏”ဟု ဤသို့ မြတ်စွာဘုရားသည် ဤ တရားတော်ကို အလွန်ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။