သံယုတ္တနိကာယ်—၂

၃—နာနာတိတ္ထိယဝဂ်

၅—ဇန္တုသုတ်

၁ဝ၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း ဟိမဝန္တာတောင်နံပါး တောကျောင်း၌ ပျံ့လွင့်သော စိတ်ရှိကုန်သည် တက်ကြွထောင်လွှား ကုန်သည် လျှပ်ပေါ်ကုန်သည် နှုတ်ကြမ်းကုန်သည် စည်းကမ်းမဲ့ (မစောင့်စည်း) ပြောဆိုကုန်သည် သတိ လွတ်ကုန်သည် ပညာအဆင်အခြင်ဉာဏ် မရှိကုန်သည် မတည်ကြည်ကုန်သည် ပျံ့လွင့်သော စိတ်ရှိကုန်သည် ဣန္ဒြေ ကင်းမဲ့ကုန်သည် ဖြစ်၍ နေကြကုန်၏။

ထိုအခါ ဇန္တုနတ်သားသည် တစ်ဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌ ထိုရဟန်းများ ရှိရာသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို ဂါထာတို့ဖြင့် လျှောက်၏ —

“ရှေးအခါက ဂေါတမမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာစွာ အသက်မွေးလေ့ရှိကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ ဆွမ်းကို ရှာမှီးကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည်ဖြစ်၍ အိပ်ရာနေရာကို ရှာမှီးကုန်၏၊ ထို ရဟန်းတို့သည် လောက၌ မမြဲခြင်းကို သိကုန်၍ ဆင်းရဲ၏ အဆုံးကို ပြုကုန်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းတို့သည် ‘ရွာ၌ ရွာသူကြီးတို့ကဲ့သို့’ မိမိ ကိုယ်ကို မကောင်းသဖြင့် အသက်မွေးမြူကာ လွန်စွာ စားကုန်လျက် သူတစ်ပါး အိမ်ရာတို့၌ မိန်းမောကုန်သည်ဖြစ်၍ အိပ်ကုန်၏၊ အကျွန်ုပ်သည် သံဃာတော်အား လက်အုပ်ချီလျက် လျှောက်ကြားလိုပါ၏၊ ‘သူသေကောင်တို့ကို စွန့်အပ်ကုန်သကဲ့သို့’ ထို့အတူ ထောက်တည်ရာ မရှိသော ထိုရဟန်းတို့ကို စွန့်အပ်ကုန်၏။

အကြင်ရဟန်းတို့သည် မေ့လျော့ကုန်သည် ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့ကို ရည်ညွှန်း၍ အကျွန်ုပ်သည် ဆိုအပ်ပါ၏၊ အကြင်ရဟန်းတို့သည် မမေ့မလျော့ကုန် သည်ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့အား အကျွန်ုပ်သည် ရှိခိုးခြင်းကို ပြုပါ၏”ဟု (လျှောက်၏)။