သံယုတ္တနိကာယ်—၂

၁—ပဌမဝဂ်

၃—မာဃသုတ်

၈၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ မာဃနတ်သားသည် ညဉ့်ဦးယံကုန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် လျှောက်၏—

အသျှင်ဂေါတမ အဘယ်အရာကို ဖြတ်တောက်သည် ရှိသော် ချမ်းသာစွာ နေရပါ သနည်း၊ အဘယ်အရာကို ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရပါသနည်း၊ အဘယ် မည်သော တစ်ခုသော တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်ပါသနည်း။

သိကြားမင်း အမျက်ဒေါသကို ဖြတ်တောက်သည် ရှိသော် ချမ်းသာစွာ နေရ၏၊ အမျက်ဒေါသကို ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်းအမြစ် ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက်ဒေါသအား ဖြတ်တောက်ခြင်းကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက်ဒေါသကိုပင်လျှင် ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရဟု (မိန့်တော်မူ၏)။