သံယုတ္တနိကာယ်—၂

၃—နာနာတိတ္ထိယဝဂ်

၁ဝ—နာနာတိတ္တိယသာဝကသုတ်

၁၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသမ , သဟလိ , နီက , အာကောဋက , ဝေဂဗ္ဘရိ , မာဏဝဂါမိယဟူသော များစွာကုန်သော အထူးထူး သော တိတ္ထိတို့၏ တပည့်ဖြစ်ကုန်သော နတ်သားတို့သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌့အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဝေဠုဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်တည်ကြကုန်ပြီးသော် အသမ နတ်သားသည် ပူရဏကဿပကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“ဤလောက၌ အကြင် (ပူရဏ) ကဿပသည် ဖြတ် အပ် သတ် အပ် သည် ၌လည်းကောင်း၊ ပုတ် ခတ်ခြင်း ဥစ္စာဆုံးရှုံးခြင်းတို့၌လည်းကောင်း မကောင်းမှုကို အဖန် တလဲလဲ မရှုတတ်၊ မိမိ၏ ကောင်းမှုကိုလည်း အဖန်တလဲလဲ မရှုတတ်၊ ထိုဆရာ ဖြစ်သော ကဿပသည် (ဤသို့) သတ္တဝါတို့၏ တည်ရာကို ပြောကြား၏၊ စင်စစ် ဤကဿပကို မြတ်နိုးပူဇော် ထိုက်၏”ဟု (လျှောက်၏)။

ထို့နောက် သဟလိနတ်သားသည် မက္ခလိဂေါသာလကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာကို လျှောက်၏—

“အကြင်အသျှင်သည် ကိုယ်ကို ပင်ပန်းစေမှုအကျင့်နှင့် မကောင်းမှုကို စက်ဆုပ်ခြင်းဖြင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိ၏၊ လူနှင့် ငြင်းခုန်သော စကားကို ပယ်၍ တွေတွေဝေဝေ သိခြင်းမှ ကင်း၏၊ မှန်သော စကားကို ဆိုလေ့ရှိ၏၊ ထို အသျှင်သည် စင်စစ် ထိုသို့သဘောရှိသော မကောင်းမှုကို မပြု”ဟု (လျှောက်၏)။

ထို့နောက် နီကနတ်သားသည် နိဂဏ္ဌနာဋပုတ္တကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“မကောင်းမှုကို စက်ဆုပ်သော ရင့်ကျက်သော ပညာရှိသော နိဂဏ္ဌရဟန်းသည် လေးပါးသော စောင့်စည်းခြင်းဖြင့် စောင့်စည်း၏။ မြင်အပ်သည်ကိုလည်းကောင်း၊ ကြားအပ်သည်ကိုလည်းကောင်း ပြောကြားတတ်၏။ စင်စစ် ငါတို့ဆရာ နိဂဏ္ဌသည် မကောင်းမှုကို ပြုတတ်သည် မဖြစ်ရာ”ဟု (လျှောက်၏)။

ထို့နောက် အာကောဋကနတ်သားသည် အထူးထူးသော တိတ္ထိတို့ကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို (လျှောက်၏)။

“ပကုဓကစ္စာယန , နိဂဏ္ဌ (နာဋပုတ္တ) , မက္ခလိဂေါသာလနှင့် ပူရဏ (ကဿပ) ဟူကုန်သော အကြင်ဂိုဏ်းဆရာကြီးတို့သည် ရဟန်းအဖြစ်၌ အထွတ်အထိပ်သို့ ရောက်ကြကုန်၏၊ ထိုဂိုဏ်းဆရာကြီးတို့သည် စင်စစ် သူတော်ကောင်းတို့မှ မဝေး ကြကုန်”ဟု (လျှောက်၏)။

ထိုအခါ ဝေဂဗ္ဘရိနတ်သားသည် အာကောဋကနတ်သားကို ဂါထာဖြင့် တစ်ဖန် ရွတ်ဆို၏—

“ယုတ်မာသော မြေခွေးကြီးသည် ခြင်္သေ့နှင့် အတူ သွားကာမျှဖြင့် တစ်ရံတစ်ဆစ် မျှ ခြင်္သေ့နှင့် မတူနိုင်။ ဂိုဏ်းဆရာဖြစ်သော ထိုတိတ္ထိဟူသမျှသည် အချည်းနှီး တည်း၊ မမှန်သော စကားကို ဆိုလေ့ရှိ၏၊ ရွံရှာဖွယ် အကျင့်ရှိ၏၊ သူတော်ကောင်းတို့နှင့် မတူနိုင်”ဟု (ရွတ်ဆို၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဝေဂဗ္ဘရိနတ်သားကို ပူးဝင်၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“အကြင်ဆရာတို့သည် ကိုယ်ကို ပင်ပန်းစေမှုအကျင့်၊ မကောင်းမှုကို စက်ဆုပ်ခြင်းနှင့် မပြတ် ယှဉ်ကုန်၏၊ ဆိတ်ငြိမ်ခြင်းသို့ ကပ်သော အကျင့်ကို စောင့်ရှောက် သည်ဖြစ်၍ အဆင်း၌လည်း သက်ဝင်ကုန်၏၊ နတ်ပြည်ကိုလည်း တောင့်တကုန်၏၊ ထိုဆရာတို့သည် စင်စစ် တမလွန်လောကအကျိုးငှါ သူတစ်ပါးတို့အား ကောင်းစွာ ဆုံးမကုန်၏”ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဤဂါထာဖြင့် ပြန်လည် မိန့်ဆိုတော်မူ၏။

“ဤလူ့ပြည့်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း့အကြင်အမှတ်မရှိသော အဆင်းတို့သည် ထွန်းလင်းသော အဆင်းရှိကုန်၏။ မာရ်နတ် သင် ချီးမွမ်းအပ်သော အလုံးစုံသာလျှင် ဖြစ်ကုန်သော ထိုအဆင်းတို့ကို ‘ငါးတို့ကို သတ်ယူခြင်းငှါ ငါးမျှားချိတ်၌ တပ်သော (ငါးစာ) အာမိသကို ပစ်ချသကဲ့ သို့’ သတ္တဝါအပေါင်းအား သတ်ခြင်းငှါ ပစ်ချအပ်ကုန်၏”ဟု (မိန့်ဆိုတော်မူ၏)။

ထိုအခါ မာဏဝဂါမိယနတ်သားသည် မြတ်စွာဘုရားကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာတို့ကို လျှောက်၏—

“ရာဇဂြိုဟ်ပြည်ကို ဝိုင်းရံထားသော တောင်တို့တွင် ဝေပုလ္လတောင်ကို တောင် မြတ်ဟု ဆိုအပ်၏၊ ဟိမဝန္တာတောင်တို့တွင် ကေလာသတောင်သည် မြတ်၏၊ ကောင်းကင်၌ သွားကုန်သော အရာဝတ္ထုတို့တွင် နေမင်းသည် မြတ်၏။

ရေ၏ တည်ရာတို့တွင် သမုဒ္ဒရာသည် မြတ်၏၊ နက္ခတ်တို့တွင် လသည်သာလျှင် မြတ်၏၊ နတ်နှင့်တကွသော လောကတွင် မြတ်စွာဘုရားကို အမြတ်ဟူ၍ ဆိုအပ်၏”ဟု (လျှောက်၏)။

သုံးခုမြောက် နာနာတိတ္ထိယဝဂ် ပြီး၏။

ဒေဝပုတ္တသံယုတ် ပြီး၏။