သံယုတ္တနိကာယ်—၂
၁—ပဌမဝဂ်
၄—မာဂဓသုတ်
၈၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မာဂဓနတ်သားသည် မြတ်စွာဘုရား အား ဂါထာဖြင့် လျှောက်၏—
အကြင် အရောင်တို့ဖြင့် လောကသည် ထွန်းလင်းတောက်ပ၏၊ လောက၌ ထွန်းလင်းတောက်ပကုန်သော ထိုအရောင်တို့သည် အဘယ်မျှရှိကုန်သနည်း၊ အသျှင် ဘုရားကို မေးမြန်းခြင်းငှါ ရောက်လာပါကုန်၏၊ ထိုအကြောင်းကို အကျွန်ုပ်တို့သည် အဘယ်သို့ သိရပါကုန်အံ့နည်း။
လောက၌ ထွန်းလင်းတောက်ပသော အရောင်တို့သည် လေးမျိုးရှိကုန်၏၊ ဤ လောက၌ ငါးခုမြောက်သောအရောင်သည် မရှိ။ နေမင်းသည် နေ့အခါ၌ ထွန်းလင်း တောက်ပ၏၊ လသည် ညဉ့်အခါ၌ ထွန်းလင်းတောက်ပ၏၊ ထိုမှတစ်ပါး မီးသည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း ထိုထိုအရပ်၌ ထွန်းလင်းတောက်ပ၏။ ထို ထွန်းလင်းတောက်ပသော နေ , လ , မီးတို့ထက် မြတ်စွာဘုရားသည် မြတ်၏၊ ထို မြတ်စွာဘုရားတည်းဟူသော အရောင်သည် အတုမရှိ မြတ်၏ဟု (မိန့်တော်မူ၏)။