သံယုတ္တနိကာယ်—၂

၁—ပဌမဝဂ်

၅—ဒါမလိသုတ်

၈၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဒါမလိနတ်သားသည် ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး ၌ ဤဂါထာကို လျှောက်၏—

(ဤသာသနာတော်၌) ကာမဂုဏ်တို့ကို ပယ်ပြီးသော ရဟန္တာသည် ပင်ပန်းခြင်း မရှိသည်ဖြစ်၍ လုံ့လဝီရိယကို ပြုအပ်၏၊ ထိုအကြောင်းကြောင့် ဘဝကို မတောင့်တဟု (လျှောက်၏)။

ဒါမလိ ရဟန္တာပုဂ္ဂိုလ်အား ပြုဖွယ်ကိစ္စ မရှိ။ မှန်၏၊ ရဟန္တာသည် ပြုဖွယ်ကိစ္စ ဟူသမျှကို ပြုအပ်ပြီးသည်သာတည်း။ အကြင်သတ္တဝါသည် အလုံးစုံသော ကိုယ်တို့ဖြင့် မြစ်တို့၌ ထောက်တည်ရာ မရသမျှ အားထုတ် (ကူး)၏၊ ထိုသတ္တဝါသည် ထောက်တည်ရာ ရ၍ ကြည်းကုန်းထက်၌ တည်သော်ကား အားမထုတ်ရဘဲ တစ် ဖက်ကမ်းသို့ ရောက်သူ မည်သကဲ့သို့

ဒါမလိ ဤဥပမာအတူ မကောင်းမှုကို လောင်ကျွမ်းစေသော ရင့်ပြီးသော ပညာရှိ သော အာသဝကုန်ပြီးသော ရဟန္တာအား (ပြုဖွယ်ကိစ္စ) မရှိ၊ ထိုရဟန္တာသည် ပဋိ သန္ဓေနေခြင်း သေခြင်း၏ အဆုံးသို့ ရောက်၍ အားမထုတ်ရဘဲ ကမ်းတစ်ဖက်သို့ ရောက်သူ မည်သည်သာတည်းဟု (မိန့်တော်မူ၏)။