သံယုတ္တနိကာယ်—၂

၁—ပဌမဝဂ်

၈—တာယနသုတ်

၈၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရှေးဟောင်းအယူဝါဒကို တီထွင်သူဖြစ်သော တာယနနတ်သားသည် ညဉ့်ဦးယံ ကုန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—

မကောင်းမှုကို အပပြုပြီးသော မြတ်စွာဘုရား လုံ့လပြု၍ တဏှာအယဉ်ကို ဖြတ်ပါလော့၊ ကိလေသာကာမ ဝတ္ထုကာမတို့ကို ပယ်နုတ်ပါလော့၊ ရဟန်းသည် ကာမတို့ကို မပယ်မူ၍ တည်ကြည်မှု (ဈာန်) သို့ မရောက်နိုင်။

ထိုလုံ့လဝီရိယကို အကယ်၍ ပြုသည် ဖြစ်အံ့၊ မဆုတ်မနစ် ပြုကုန်ရာ၏၊ ထို လုံ့လဝီရိယကို မြဲစွာ အားထုတ်ရာ၏။ ထိုစကား မှန်၏၊ လုံ့လလျော့သော ရဟန်း သည် ကိလေသာမြူကို လွန်စွာ ဖြန့်ကြဲသည် မည်၏။ မကောင်းသော အမှုကို မပြုခြင်းသည် မြတ်၏၊ မကောင်းသော အမှုကို ပြုခြင်းသည် နောက်အခါ၌ ပူပန် ရတတ်၏။ အကြင်ကောင်းသော အမှုကို ပြုရသောကြောင့် နောင်တတစ်ဖန် ပူပန် ရခြင်း မရှိ၊ ထိုကောင်းသော အမှုကို ပြုခြင်းသည် မြတ်၏။

မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် လက်ကိုသာလျှင် ရှဘိသကဲ့သို့ ထို့အတူ မကောင်းသဖြင့် သုံးသပ်သော ရဟန်းအဖြစ်သည် ငရဲသို့ ဆွဲငင်တတ်၏။

လျော့လျော့ ပြုအပ်သော အလုံးစုံသော ကံသည်လည်းကောင်း၊ ညစ်နွမ်းသော အကြင်အကျင့်သည်လည်းကောင်း၊ ယုံမှားဖွယ်ရှိသော အကြင်အကျင့်မြတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသည် အကျိုး မများနိုင်ဟု (လျှောက်၏)။

တာယနနတ်သားသည် ဤစကားကို လျှောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုလျက် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့် လွန်လတ်သော် ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ ဤညဉ့်၌ ရှေးဟောင်းအယူဝါဒကို တီထွင်သူဖြစ်သော တာယနမည်သော နတ်သားသည် ညဉ့်ဦးယံကုန်ပြီး သော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် ငါဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ —

မကောင်း မှုကို အပပြုပြီးသော မြတ်စွာဘုရား လုံ့လပြု၍ တဏှာအယဉ်ကို ဖြတ်ပါလော့၊ ကိလေသာကာမ ဝတ္ထုကာမတို့ကို ပယ်နုတ်ပါလော့၊ ရဟန်းသည် ကာမတို့ကို မပယ်မူ၍ တည်ကြည်မှု (ဈာန်) သို့ မရောက်နိုင်။

ထိုလုံ့လဝီရိယကို အကယ်၍ ပြုသည် ဖြစ်အံ့၊ အဆုတ်မနစ် ပြုကုန်ရာ၏၊ ထို လုံ့လဝီရိယကို မြဲမြံစွာ အားထုတ်ရာ၏။ ထိုစကား မှန်၏၊ လုံ့လလျော့သော ရဟန်းသည် ကိလေသာမြူကို လွန်စွာ ဖြန့်ကြဲသည် မည်၏။

မကောင်းသော အမှုကို မပြုခြင်းသည် မြတ်၏၊ မကောင်းသော အမှုကို ပြုခြင်း သည် နောက်အခါ၌ ပူပန်ရတတ်၏။ အကြင်ကောင်းသော အမှုကို ပြုရသောကြောင့် နောင်တတစ်ဖန် ပူပန်ရခြင်း မရှိ၊ ထိုကောင်းသော အမှုကို ပြုခြင်းသည် မြတ်၏။

မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် လက်ကိုသာလျှင် ရှဘိသကဲ့သို့ ထို့အတူ မကောင်းသဖြင့် သုံးသပ်အပ်သော ရဟန်း၏ အဖြစ်သည် ငရဲသို့ ဆွဲငင် တတ်၏။

လျော့လျော့ ပြုအပ်သော အလုံးစုံသော ကံသည်လည်းကောင်း၊ ညစ်နွမ်းသော အကြင်အကျင့်သည်လည်းကောင်း၊ ယုံမှားဖွယ်သော အကြင်အကျင့်မြတ်သည်လည်းကောင်း ရှိ၏။ ထိုအလုံးစုံသည် အကျိုး မများနိုင်ဟု လျှောက်၏။

ရဟန်းတို့ တာယနနတ်သားသည် ဤစကားကို လျှောက်ပြီးလျှင် ငါဘုရားကို ရှိခိုးပြီး၍ အရိုအသေ ပြုလျက် ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့ကို သင်ယူကြကုန် လော့၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့ကို ပို့ချကြကုန်လော့၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့ကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့သည် အကျိုးစီးပွါးနှင့် စပ်ကုန်၏၊ အရိယာမဂ်ဟူသော အကျင့်အမြတ်၏ ရှေ့သွား ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။