သံယုတ္တနိကာယ်—၂ဝ
၅—သတ္တိသုတ်
၂၂၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား အသွားထက်သော လှံသည် ရှိ၏၊ ထိုအခါ၌ ယောကျာ်းသည် “ဤအသွားထက်သော လှံကို လက်ဖဝါးဖြင့်သော်လည်းကောင်း၊ လက်ဆုပ်ဖြင့်သော်လည်းကောင်း (အဖျား၌) ငါဆုပ်ညှစ်အံ့၊ (အလယ်၌) ငါပုတ်ခတ်အံ့၊ အပြန်အလှန် ပုတ်ခတ်အံ့”ဟု ဆို၍ လာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျာ်းသည် ဤအသွားထက်သော လှံကို လက်ဖဝါးဖြင့်ဖြစ်စေ၊ လက်ဆုပ်ဖြင့်ဖြစ်စေ (အဖျား၌) ့ဆုပ်ညှစ်ခြင်းငှါလည်းကောင်း၊ (အလယ်၌) ပုတ်ခတ်ခြင်းငှါလည်းကောင်း၊ အပြန်အလှန် ပုတ်ခတ်ခြင်းငှါလည်းကောင်း ထိုက်မည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ပုတ်ခတ်ခြင်းငှါ မထိုက်ပါ။ ထိုသို့မထိုက်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ — အသျှင် ဘုရား ဤထက်သော လှံသွားသည်ကား လက်ဝါးဖြင့်ဖြစ်စေ၊ လက်ဆုပ်ဖြင့်ဖြစ်စေ (အဖျား၌) ဆုပ်ညှစ်ခြင်းငှါလည်းကောင်း၊ (အလယ်၌) ပုတ်ခတ်ခြင်းငှါလည်းကောင်း၊ အပြန်အလှန် ပုတ်ခတ်ခြင်းငှါလည်းကောင်း မလွယ်ကူပါ၊ ထိုယောကျာ်းသည် အလွန်လျှင် ကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်း ဖြစ်ရာသောကြောင့်ပါ တည်းဟု (လျှောက်ကုန်၏)။
ရဟန်းတို့ ဤအတူသာလျှင် တစ်စုံတစ်ယောက်သော ရဟန်းသည် (ဆန့်ကျင်ဘက်မှ) လွတ် မြောက်သော မေတ္တာစိတ်ကို ပွားများအပ်၏၊ လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြု အပ်၏၊ ဆောက်တည်အပ်၏၊ ထက်ဝန်းကျင်မှ ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏။ ထိုရဟန်း၏ စိတ်ကို မြေဖုတ်ဘီလူးသည် ပျံ့လွင့်စေအပ်၏ဟူ၍ အောက်မေ့စေကာမူ စင်စစ် ထိုမြေဖုတ်ဘီလူးသည်သာ လျှင် ကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်း ဖြစ်ရာ၏။ ရဟန်းတို့ ထို့ကြောင့်သာလျှင် ဤသာသနာတော်၌ “ငါတို့သည် (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို ပွားများအံ့၊ လေ့လာအံ့၊ ယာဉ်ကဲ့သို့ ပြုအံ့၊ တည်ရာကဲ့သို့ ပြုအံ့၊ ဆောက်တည်အံ့၊ ထက်ဝန်းကျင်မှ ဆည်းပူးအံ့၊ ကောင်းစွာ အားထုတ်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ပဉ္စမသုတ်။