သံယုတ္တနိကာယ်—၂ဝ

၆—ဓနုဂ္ဂဟသုတ်

၂၂၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား ခိုင်ခံ့သော လေးရှိကုန်သော ကောင်းစွာ သင်ကြားပြီး၍ လက်ကျင့်ရပြီးကုန်သော ပွဲဝင်ပြီးသော လေးအတတ်ရှိကုန်သော လေးသမား လေးယောက်တို့သည် အရပ်လေးမျက်နှာ၌ တည်ကုန်ရာ၏၊ ထိုအခါ၌ ယောကျာ်းသည် “ခိုင်ခံ့သော လေးရှိကုန်သော ကောင်းစွာ သင်ကြားပြီး၍ လက်ကျင့်ရပြီးကုန်သော ပွဲဝင်ပြီးသော လေးအတတ်ရှိကုန်သော လေးသမား လေးယောက်တို့၏ အရပ်လေးမျက်နှာသို့ ပစ်အပ်သော မြားတို့ကို မြေသို့ မကျမီ ယူဆောင်အံ့”ဟု ဆို ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ “လျင်မြန်သော ယောကျာ်း၊ အလွန် လျင်မြန်ခြင်းနှင့် ပြည့်စုံသော ယောကျာ်း”ဟု ဆိုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ခိုင်ခံ့သော လေးရှိသော ကောင်းစွာ သင်ကြားပြီး၍ လက်ကျင့်ရပြီးသော ပွဲဝင်ပြီးသော လေးအတတ်ရှိသော လေးသမားတစ်ယောက်၏ ပစ်အပ်သော မြားတို့ကို မြေသို့ မကျမီ ယူဆောင် နိုင်ခဲ့မူ “လျင်မြန်သော ယောကျာ်း၊ အလွန်လျင်မြန်ခြင်းနှင့် ပြည့်စုံသောယောကျာ်း”ဟု ဆိုခြင်းငှါ သင့်ပါ၏။ ခိုင်ခံ့သော လေးရှိကုန်သော ကောင်းစွာ သင်ကြားပြီး၍ လက်ကျင့်ရပြီးကုန်သော ပွဲဝင်ပြီးသော လေး အတတ်ရှိကုန်သော လေးသမားလေးယောက်တို့၏ အရပ်လေးမျက်နှာသို့ ပစ်အပ်သော မြားတို့ကို မြေသို့ မကျမီ ယူဆောင်နိုင်ရာ၌ကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်းဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ထိုမြားဖမ်းသော ယောကျာ်း၏ လျင်မြန်ခြင်းထက် လနေတို့၏ လျင်မြန်ခြင်းက ပို၍ လျင်မြန်၏၊ လနေတို့၏ လျင်မြန်ခြင်းထက် လနေတို့၏ ရှေ့မှ ပြေးသွားသော နတ်တို့၏ လျင်မြန်ခြင်းက ပို၍ လျင်မြန်၏၊ ထိုနတ်တို့၏ လျင်မြန်ခြင်းထက် အလွန်လျင်မြန်စွာ အသက်တို့သည် ကုန်ဆုံးကြရကုန်၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ငါတို့သည် “မမေ့မလျော့ကုန်သည် ဖြစ်၍ နေကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ဆဋ္ဌမသုတ်