သံယုတ္တနိကာယ်—၂၁

၁ဝ—ထေရနာမကသုတ်

၂၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ထေရအမည်ရှိသော ရဟန်းတစ်ပါးသည် တစ်ပါးတည်းလည်း နေလေ့ရှိ၏၊ တစ်ပါးတည်း နေခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ဆိုလေ့ရှိ၏။ ထိုရဟန်းသည် ရွာသို့ တစ်ပါးတည်း ဆွမ်းခံဝင်၏၊ တစ်ပါးတည်း ရွာမှ ပြန်ခဲ့၏၊ တစ်ပါးတည်း ဆိတ်ငြိမ်ရာ၌ နေ၏၊ တစ်ပါးတည်း စင်္ကြံသွားခြင်းကို ဆောက်တည်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ထေရမည်သော ရဟန်းတစ်ပါးသည် တစ်ပါးတည်းလည်း နေလေ့ရှိ၏၊ တစ်ပါးတည်း နေခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ဆိုလေ့ရှိပါသည်”ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ခေါ်တော်မူ၍ “ရဟန်း သင်သည် လာလော့၊ ငါဘုရား၏ စကားဖြင့် ‘ငါ့သျှင်ထေရ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏’ဟု ခေါ်ချေလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကို ဝန်ခံ၍ ထေရ ရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ထေရကို “ငါ့သျှင်ထေရ သင့်ကို မြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ဤစကားကို ပြောဆိုပြီ။ အသျှင်ထေရသည် “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်ထေရအား “ထေရ သင်သည် တစ်ပါးတည်းလည်း နေလေ့ရှိ၏၊ တစ်ပါး တည်း နေခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ဆိုလေ့ရှိ၏ဟူသည် မှန်သလော”ဟု မိန့်တော်မူ၏။ အသျှင့်ဘုရား မှန်ပါ၏။ ထေရ သင်သည် အဘယ်သို့လျှင် တစ်ပါးတည်း နေလေ့ရှိသနည်း၊ တစ်ပါးတည်း နေခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ဆိုလေ့ရှိသနည်းဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ရွာသို့ တစ်ပါးတည်း ဆွမ်းခံဝင်ပါ၏၊ တစ်ပါးတည်း ဆွမ်းခံရွာမှ ပြန်ခဲ့ပါ၏၊ တစ်ပါးတည်း ဆိတ်ငြိမ်ရာ၌ နေပါ၏၊ တစ်ပါးတည်း စင်္ကြံသွားခြင်းကို ဆောက်တည်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် တစ်ပါးတည်း နေလေ့ရှိပါ၏၊ တစ်ပါးတည်း နေခြင်း၏ ဂုဏ် ကျေးဇူးကိုလည်း ဆိုလေ့ရှိပါသည်ဟု လျှောက်၏။ ထေရ တစ်ပါးတည်း နေသော ထိုရဟန်းမျိုးသည် ရှိ၏၊ တစ်ပါးတည်း နေသော ထိုရဟန်းမျိုးသည် မရှိဟူ၍ ငါ မဆို။ ထေရ စင်စစ်သော်ကား အကြင် အကြောင်းကြောင့် တစ်ပါးတည်း နေခြင်းသည် အလွန်ကျယ်ဝန်းသော အဓိပ္ပါယ်နှင့် ပြည့်စုံ၏၊ ထို အကြောင်းကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ဤသို့လျှင်။ပ။ ထေရ အဘယ်သို့လျှင် တစ်ပါးတည်း နေခြင်းသည် အလွန်ကျယ်ဝန်း သော အဓိပ္ပါယ်နှင့် ပြည့်စုံသနည်း။ ထေရ အကြင်အတိတ်ခန္ဓာငါးပါးကို ပယ်ပြီးပြီ၊ အနာဂတ်ခန္ဓာငါးပါးကို စွန့်လွှတ်အပ်၏၊ ပစ္စုပ္ပန်အတ္တဘော၌လည်း လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ကို ကောင်းစွာ ဆုံးမအပ်ပြီ။ ထေရ ဤသို့လျှင် တစ်ပါးတည်း နေခြင်းသည် အလွန်ကျယ်ဝန်းသော အဓိပ္ပါယ်နှင့် ပြည့်စုံ၏ဟု မိန့်တော်မူပြီး နောက် ဤဂါထာကို မိန့်တော်မူပြန်၏—

“အလုံးစုံသော ခန္ဓာ, အာယတန, ဓာတ်, ဘဝသုံးပါးတို့ကို နှိပ်နင်းနိုင်သော၊ အလုံးစုံ (တရားတို့ကို) သိသော၊ ကောင်းသော ပညာရှိသော၊ အလုံးစုံသော တရားတို့၌ (တဏှာဒိဋ္ဌိတို့ဖြင့်) မလိမ်းကျံသော၊ အလုံးစုံ (ဆန္ဒရာဂ) ကို စွန့်၍ တဏှာ၏ ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြုသောအားဖြင့် ကိလေသာတို့မှ လွတ်သော ထိုသူကို တစ်ပါးတည်း နေလေ့ရှိသော သူဟူ၍ ငါဆို၏”ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။