သံယုတ္တနိကာယ်—၂၁

၁၁—မဟာကပ္ပိနသုတ်

၂၄၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်မဟာကပ္ပိနသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ မြတ်စွာဘုရားသည် အသျှင်မဟာကပ္ပိန လာနေသည်ကို အဝေးမှပင် မြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ သင်တို့သည် ဖြူစင်သော ခေါင်းပါးသော အကျင့်ရှိသော နှာတံရှည်သောရဟန်း လာနေသည်ကို မြင်ကြ ကုန်၏လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤရဟန်း သည် ကြီးသော တန်ခိုးရှိ၏၊ ကြီးသော အာနုဘော်ရှိ၏၊ ထိုရဟန်း မဝင်စားဖူးသော သမာပတ်ကို ရရန် မလွယ်ကူ၊ ထိုရဟန်းသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ကုန်သော အမျိုး ကောင်းသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏ဟု ဤစကားကို မိန့် တော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူပြန်၏—

“အကြင်သူတို့သည် အမျိုးအနွယ်ကို စိစစ်လေ့ရှိကုန်၏၊ ထိုလူအပေါင်းတို့တွင် မင်းမျိုးသည် မြတ်၏။ အကြင်သူသည် ဝိဇ္ဇာသုံးပါး , ဝိဇ္ဇာရှစ်ပါး , စရဏတစ်ဆယ့် ငါးပါးနှင့် ပြည့်စုံ၏၊ ထိုသူသည် နတ်လူအပေါင်း၌ မြတ်၏။

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပနိုင်၏၊ လသည် ညဉ့်အခါ၌သာ ထွန်းလင်းတောက်ပနိုင်၏၊ မင်းသည် ချပ်ဝတ်တန်ဆာ ဝတ်ဆင်မှသာလျှင် တောက် ပနိုင်၏၊ ရဟန္တာသည် ဈာန်ဝင်စားမှသာလျှင် တောက်ပနိုင်၏၊ စင်စစ်သော်ကား မြတ်စွာဘုရားသည်သာလျှင် အလုံးစုံသော ညဉ့်နေ့တို့ပတ်လုံး တန်ခိုးဖြင့် တောက်ပ၏”ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။