သံယုတ္တနိကာယ်—၂၁

၁၂—သဟာယကသုတ်

၂၄၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်မဟာကပ္ပိန၏ အတူနေ တပည့်ဖြစ်ကုန်သော သူငယ်ချင်း ရဟန်း နှစ်ပါးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ မြတ်စွာဘုရားသည် ထိုရဟန်းတို့ အဝေးမှ လာနေသည်ကို မြင်တော်မူလျှင် ရဟန်းတို့ကို “ရဟန်းတို့ ကပ္ပိန၏ အတူနေတပည့်ဖြစ်ကုန်သော သူငယ်ချင်းရဟန်းတို့ လာနေသည်ကို သင်တို့ မြင်ကုန်၏လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား မြင်ပါ၏ဟု (လျှောက်ကုန်၏)။ ထိုရဟန်းတို့သည် ကြီးသော တန်ခိုးရှိကုန်၏၊ ကြီးသော အာနုဘော်ရှိကုန်၏၊ ထိုရဟန်းတို့ မဝင်စားဖူးသော သမာပတ်တို့ကို ရရန် မလွယ်ကူ၊ ထိုရဟန်းတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ကုန်သော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေကုန်၏ဟု မိန့်တော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူပြန်၏—

“စင်စစ် သူငယ်ချင်းဖြစ်ကုန်သော ဤရဟန်းတို့သည် ရှည်မြင့်စွာသော ကာလ ပတ်လုံး ညီညွတ်သော သဘောရှိကုန်၏၊ ထိုရဟန်းတို့၏ သူတော်ကောင်းတရားသည် မြတ်စွာဘုရား ဟောတော်မူအပ်သော သူတော်ကောင်းတရားနှင့် ညီမျှ၏။

အရိယာတို့ ဟောကြားအပ်သော တရားဖြင့် အသျှင်ကပ္ပိနသည် ကောင်းစွာ ဆုံးမ ထားအပ်ကုန်သော ထိုရဟန်းတို့သည် စင်စစ် ဗိုလ်ပါနှင့် တကွသော ကိလေသာမာရ်ကို အောင်၍ အဆုံးစွန်သော ကိုယ်ကို ဆောင်ကုန်၏”ဟု (ဟောတော်မူ၏)။

ဒွါဒသမသုတ်။

ဘိက္ခုသံယုတ်ပြီး၏။

နိဒါနဝဂ္ဂသံယုတ် ပြီး၏။