သံယုတ္တနိကာယ်—၂၁

၇—ဝိသာခသုတ်

၂၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဉ္စာလမင်း၏သား အသျှင်ဝိသာခသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့ကို ချိုသာသော စကားဖြစ်သော သန့်ရှင်း သော အပြစ်ကင်းသော အနက်ကို သိစေနိုင်သော (သစ္စာလေးပါး၌) အကျုံးဝင်သော (ဝဋ်ဆင်းရဲကို) မမှီ သော တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရား ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၏။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထ၍ စည်းဝေးရာ့ဇရပ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏၊ ထိုသို့ ထိုင်နေပြီးသော် ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ အဘယ်သူသည် ရဟန်းတို့ကို ချိုသာသော စကားဖြစ်သော သန့်ရှင်း သော အပြစ်ကင်းသော အနက်ကို သိစေနိုင်သော (သစ္စာလေးပါး၌) အကျုံးဝင်သော (ဝဋ်ဆင်းရဲကို) မမှီ သော တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရား ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေသနည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ပဉ္စာလမင်း၏သား အသျှင် ဝိသာခသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့ကို ချိုသာသော စကားဖြစ်သော သန့်ရှင်းသော အပြစ်ကင်း သော အနက်ကို သိစေနိုင်သော (သစ္စာလေးပါး၌) အကျုံးဝင်သော (ဝဋ်ဆင်းရဲကို) မမှီသော တရား စကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက် သန်ရွှင်လန်းစေတော်မူပါသည်ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စာလမင်း၏သား အသျှင် ဝိသာခကို ဤသို့ မိန့်တော်မူ၏— “ဝိသာခ ကောင်းစွ ကောင်းစွ၊ ဝိသာခ သင်သည် ကောင်းစွာ သာလျှင် ရဟန်းတို့ကို အနက်ကို သိခြင်းငှါ စွမ်းနိုင်သော (သစ္စာလေးပါး၌) အကျုံးဝင်သော ဝဋ်ဆင်းရဲကို မမှီသော တရားစကားဖြင့် ကောင်းစွာ ပြ၏။ပ။”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူပြီး၍ ဤဂါထာကို ဟောတော်မူပြန်၏—

“လူမိုက်တို့နှင့် ရောထွေးနေသော ပညာရှိကို မဟောပြောသည် ရှိသော် (ပညာရှိဟု) မသိနိုင်ကုန်၊ ဘုရားသျှင် ဟောတော်မူသော အမြိုက်နိဗ္ဗာန်တရားကို ဟောပြောသော်မှသာလျှင် (ပညာရှိ)ဟု သိနိုင် ကုန်၏။

(ထို့ကြောင့်) ရသေ့ ရဟန်းတို့၏ တံခွန်ဖြစ်သော တရားကို ဟောပြောရာ၏၊ ထွန်းပြရာ၏၊ ချီးမြှောက်ရာ၏၊ ရသေ့ရဟန်းတို့သည် ကောင်းစွာ ဟောကြားခြင်း ဟူသော တံခွန်ရှိကုန်၏။ မှန်၏၊ တရားတော်သည် ရသေ့ရဟန်းတို့၏ တံခွန် အောင်လံ ဖြစ်၏”ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။